ဆိုးလ်၊ဇန်နဝါရီ - ၆

မကြာသေးခင်က ပြုလုပ်ခဲ့သော အခမ်းအနားများတွင် သမီးဖြစ်သူကို ပွဲထုတ်ခဲ့သော မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်(Kim Jong Un)၏ လုပ်ရပ်သည် နောင်တစ်ချိန်တွင် ၎င်း၏နေရာကို သားသမီးများ ဆက်ခံသွားမည်ကို ပြည်သူများသို့ အသိပေးရန် ကြိုးပမ်းခြင်း ဖြစ်နိုင်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီဘက်က မှတ်ယူထားကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

ကင်သည် သမီးဖြစ်သူကို ပြီးခဲ့သည့် လများတွင် ပြုလုပ်ခဲ့သော ဒုံးကျည်ပစ်လွှတ်ခြင်း၊ လက်နက်ပညာရှင်များနှင့် ဓာတ်ပုံရိုက်ခြင်း၊ ဒုံးကျည်စက်ရုံသို့ခေါ်သွားခြင်း စသဖြင့် လူမြင်ကွင်းသို့ခေါ် ထုတ်လာခဲ့သည်။

ကင်၏ သမီးဖြစ်သူကို မြောက်ကိုရီးယားမီဒီယာက ချစ်စရာ အကောင်းဆုံး ကလေးအဖြစ် သတ်မှတ်ထားပြီး သူမ၏ အသက်မှာ ၉ နှစ် သို့မဟုတ် ၁၀ နှစ်အရွယ် ဖြစ်သည့်တိုင် ထိုကလေးသည် နောင်တစ်ချိန်တွင် ကင်၏ ဆက်ခံသူ ဖြစ်လာနိုင်မလားဆိုတာ ငြင်းခုံမှုများ ရှိလာသည်။

တံခါးပိတ် လွှတ်တော်ကော်မတီ အစည်းအဝေးတစ်ခုတွင် တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေး အဖွဲ့(NIS)က ကင်၏ ပွဲထုတ်မှုသည် နောင်တစ်ချိန်တွင် ဆက်ခံသူကို ဖော်ပြရန် ရည်ရွယ်သည်ဟု ပြောကြောင်း ထိုအစည်းအဝေးကို တက်ရောက်ခဲ့သည့် လွှတ်တော်အမတ် ယိုဆန်ဘမ်း (Yoo Sang-bum) ကပြောသည်။

တောင်ကိုရီးယားအမျိုးသားလုံခြုံရေးကော်မတီရုံး(GETTY IMAGES)

ကင်တွင် သားသမီး သုံးဦးရှိသည်ဟု တောင်ကိုရီးယားမီဒီယာများက ဖော်ပြကြပြီး သမီးဖြစ်သူမှလွှဲ၍ မည်သူ့ကိုမှ လူမြင်ကွင်းသို့ ထုတ်မပြခဲ့ဖူးချေ။ ကင်၏အကြီးကလေးမှာ ယောင်္ကျားလေး ဖြစ်သည်ဟု သိရပြီး ယခုကဲ့သို့ လူမြင် ကွင်းကို ထုတ်ပြသည့်တိုင် ကင်၏သမီးသည် ခေါင်းဆောင်နေရာကို မဖြစ်မနေ ဆက်ခံလိမ့်မည်ဟု NIS ဘက်က မယူဆထားဟုလည်း ယိုက ပြောသည်။

ကင်သည် သမီးဖြစ်သူကို နိုဝင်ဘာလတွင် ပထမဆုံး လူမြင်ကွင်းသို့ ပွဲထုတ်ခဲ့ခြင်းဖြစ်ပြီး ထိုကလေးသည် အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကင်၏ဒုတိယသမီး ဂျူအီ (Ju Ae) ဖြစ်သည်ဟု NIS က လွှတ်တော် အမတ်များကို ပြောခဲ့ သည်။
သမီးဖြစ်သူကို ဒုံးကျည် ပစ်လွှတ်ရာ နေရာသို့ ခေါ်ဆောင်လာခြင်းသည် နိုင်ငံ၏အနာဂတ် မျိုးဆက်သစ်များ၏ လုံခြုံရေးကို ကာကွယ်ရန် ကင်၏ကြိုးပမ်းမှုဟု ထိုအချိန်တုန်းက NIS က သုံးသပ်ခဲ့သည်။ ဂျူအီသည် NBA ကစားသမားဟောင်း ဒန်းနစ်ရော့မန်း (Dennis Rodman) မြောက်ကိုရီးယားသို့ သွားရောက်စဉ်က တွေ့ဆုံခဲ့သည့် ကလေးငယ်လည်း ဖြစ်သည်။

အသက် ၃၉ နှစ် ပြည့်တော့မည်ဖြစ်သော ကင်သည် မြောက်ကိုရီးယားနိုင်ငံ၏ မျိုးရိုးသုံးဆက်မြောက် ခေါင်းဆောင်ဖြစ်ကာ ၎င်းမတိုင်ခင် အဖေဖြစ်သူ ကင်ဂျုံအီ (Kim Jong Il) နှင့် အမျိုးဖြစ်သူ ကင်အီဆန်း (Kim Il Sung) တို့က အုပ်ချုပ်ခဲ့သည်။

ကင်ဂျုံအန်သည် အင်ဂျုံအီ၏ တတိယမြောက်နှင့် အငယ်သုံးသားဖြစ်ပြီး ၎င်းကို ဖခင်ဖြစ်သူက အသက် ၂၆ နှစ် အရွယ်မှသာ လူမြင်ကွင်းသို့ ထုတ်ပြခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကင်ဂျုံအန်၏ ၁၀ နှစ်ဝန်းကျင်အရွယ် သမီးဖြစ်သူကို လူမြင်ကွင်းသို့ ခေါ်ဆောင်လာခြင်းက မြောက်ကိုရီးယားအရေး စောင့်ကြည့်သူများကို အံ့သြသင့်စေခဲ့သည်။

Source: AP