CNI International News

ဆိုးလ်၊ဖေဖော်ဝါရီ ၁၀

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အကြီးစားစစ်ရေးပြအခမ်းအနားတစ်ခုကို သမီးငယ်ဖြစ်သူ နှင့်အတူ တက်ရောက်ခဲ့သည်။

ယင်းသို့ အကြီးစားနျူကလီးယားဒုံးကျည်များပြသမှုတွင် သမီးငယ်ကို ပွဲထုတ်ခဲ့ခြင်းကြောင့် အဆိုပါ ကလေးငယ် သည် မြောက်ကိုရီးယားနိုင်ငံ၏ အနာဂတ်ခေါင်းဆောင်အဖြစ် လျာထားခံရသည်ဆိုသည့် ထင်ကြေးပေးမှုများကို ပိုမိုကြီးထွားလာစေခဲ့ကြောင်း AP သတင်းတွင် ဖော်ပြသည်။

မြို့တော်ပြုံယမ်းတွင် ဗုဒ္ဓဟူးနေ့ည၌ ပြုလုပ်ခဲ့သော စစ်ရေးပြပွဲ၌ ကင်၏ တိုးပွားလာသော နျူကလီးယား လက်နက်တိုက်မှ အကြီးစားလက်နက်အသစ်များကို ပြသခဲ့သည်။ ယင်းတို့တွင် လာမည့်လများအတွင်း စမ်းသပ် ပစ်ခတ်ပြဖွယ်ရှိမည့် အစိုင်အခဲလောင်စာသုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်သစ်တစ်မျိုးပါ ပါဝင်ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

မြောက်ကိုရီးယားခေါင်းဆေင် ကင်ဂျုံအန် မိသားစုကို ဧည့်ပရိသတ်များနှင့် တပ်ဖွဲ့ဝင်များကို ကြိုဆိုဂုဏ်ပြု နေစဉ်(ဓါတ်ပုံ-အေပီ)

ယင်းသည် စစ်ရေးပြပွဲတွင်မြောက်ကိုရီးယားတပ်ဖွဲ့မှ ထုတ်ပြခဲ့သည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သစ် တစ်ဒါဇင်နီးပါးမှ တစ်ခုဖြစ်ကာ ထိုသို့သော ပြသမှုက မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့စစ်ဘက်စွမ်းရည်အား မည်သို့မြှင့်တင်နေသလဲဆိုသည်ကို ဖော်ညွှန်းသည်။

ဗုဒ္ဓဟူးနေ့အခမ်းအနားသည် ကင်၏သမီးဖြစ်သူ အသက် (၁၀)နှစ်ဝန်းကျင်အရွယ် ကင်ဂျူအေး (Kim Ju Ae) အား ငါးကြိမ်မြောက် လူမြင်ကွင်းသို့ ပွဲထုတ်မှုလည်းဖြစ်သည်။ အင်္ဂါနေ့တွင်လည်း ကင်သည် သမီးဖြစ်သူကို တပ်ဖွဲ့များ ထံ သွားရောက်တွေ့ဆုံရာသို့ ခေါ်ဆောင်သွားခဲ့သည်။ သူမကို မြောက်ကိုရီးယား မီဒီယာက အလွန်အဆင့်မြင့်မား သူဟု တင်စားကာ သူမသည် အလေးစားခံ၊ အချစ်ခံရသူဟုလည်း သတ်မှတ်ခံထားရသည်။

ထွက်ပေါ်လာသော ဓာတ်ပုံတစ်ပုံ၌ သူမသည် ဗိုလ်ချုပ်ကြီးများ၊ မိဘများခြံရံကာ စားသောက်ပွဲတစ်ခု၏ ဂုဏ်ထူး ဆောင်ထိုင်ခုံတွင် ထိုင်နေသည်ကိုလည်း တွေ့ရသည်။

 စစ်ရေးပြအခမ်းအနားတွင် နျူကလီးယား လက်နက်ပစ္စည်းများကို ထုတ်ဖော်ပြသစဉ်(ဓါတ်ပုံ-အေပီ)

ဗုဒ္ဓဟူးနေ့စစ်ရေးပြပွဲသည် မြောက်ကိုရီးယားစစ်တပ်ကို တည်ထောင်ခြင်း (၇၅) နှစ်ပြည့်အထိမ်းအမှတ်ဖြစ်သည်။ ကင်၏ အုပ်ချုပ်မှုနှင့် နျူကလီးယားပိုင်ရှင်အဖြစ် နိုင်ငံအားတည်ဆောက်မှုတို့အပေါ် ချီးကျူးဂုဏ်ပြုရန် ထိုပွဲကို စစ်သားနှင့်အရပ်သားထောင်ချီက သီတင်းပတ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ကြသည်။

ကြာသပတေးနေ့က မြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်သံမှထုတ်လွှင့်မှုတွင် အဆိုပါ အခမ်းအနားသို့ ကင်သည် ၎င်း၏ ဇနီး၊ သမီးဖြစ်သူတို့နှင့် ရောက်ရှိလာကာ ကင်မိသားစုအား ဧည့်ပရိတ်သတ်နှင့် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်ကိုလည်း တွေ့ရသည်။

Source:AP