CNI International News
မော်စကို၊ဖေဖော်ဝါရီ ၁၀
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို အကြမ်းဖက်သမားဟု ရုရှားလွှတ်တော်ဥက္ကဋ္ဌ ဗီယာချီဆလတ်ဗ် ဗိုလိုဒင် (Vyacheslav Volodin) က ခေါ်ဝေါ်သမုတ်ခဲ့သည်ဟု အာတီသတင်းတွင် ဖော်ပြထားသည်။
အမေရိကန်သည် ပြီးခဲ့သည့်နှစ်တွင် Nord Stream ပိုက်လိုင်းကို ဖောက်ခွဲခဲ့သည်ဟု ထင်ရှားသော အမေရိ ကန်ထောက်လှမ်းရေး သတင်းထောက် ဆေးမော် ဟာ့ရှ်(Seymour Hersh) က ပြစ်တင်ဝေဖန်ခဲ့ပြီးနောက် ထိုသို့ သမုတ်ခဲ့ခြင်း ဖြစ်သည်။
ဘိုင်ဒန်၏ နှစ်သစ်ကူးလွှတ်တော် မိန့်ခွန်းတွင် အမေရိကန်နိုင်ငံသည် ကမ္ဘာကြီးအတွက် မီးပြတိုက်အဖြစ် ရှိနေသည်ဆိုသော ပြောစကားသည် ဂျာမနီနာဇီ ခေါင်းဆောင်များ၏ ပြောစကားများကို အမှတ်ရစေခဲ့သည်ဟု ဗိုလိုဒင်က ကြာသပတေးနေ့တွင် ပြောခဲ့သည်။
ရုရှားလွှတ်တော်ဥက္ကဋ္ဌ ဗီယာချီဆလတ်ဗ် ဗိုလိုဒင်ကိုတွေ့ရစဉ်(GETTY IMAGES)
ပူလစ်ဇာဆုရှင် သတင်းထောက် ဟာ့ရှ်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ချက်တစ်ခု ပြုလုပ်ခဲ့သည်။
ထိုထုတ်ပြန်ချက်၌ အမေရိကန်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက Nord Stream ပိုက်လိုင်းများ ပေါက်ကွဲမှု နောက်ကွယ်တွင် ရှိနေသည်ဟု ပြောသည်။
သတင်းအရင်းအမြစ်များ၏ အဆိုအရ အမေရိကန်ရေတပ်မှ ရေငုပ်သမားများသည် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် နေတိုး စစ်ရေး လေ့ကျင့်မှု အယောင်ဆောင်ကာ ဘောလ်တစ်ပင်လယ်တွင်းရှိ အရေးပါသော ပိုက်လိုင်းများ၌ ဖောက်ခွဲ ရေး ပစ္စည်းများ တပ်ဆင်ခဲ့ကြောင်း၊ ထို့နောက်တွင် ဖောက်ခွဲခဲ့ကြောင်း သိခဲ့ရသည်ဟု ဖော်ပြထားသည်။
Nord Stream ၁ နှင့် ၂ တို့သည် ရုရှားမှ သဘာဝဓာတ်ငွေ့ကို ဂျာမနီမှတစ်ဆင့် ဥရောပသို့ ပေးပို့ရေးအတွက် အရေးပါသော လမ်းကြောင်းများ ဖြစ်သည်။
ဟီရိုရှီးမား (Hiroshima) နှင့် နာဂါစကီ (Nagasaki)မှ အရပ်သားများကို နျူကလီးယားလက်နက် အသုံးပြုခဲ့သည့် ထရူးမန်း (Truman) သည် ရာဇဝတ်ကောင် ဖြစ်မည်ဆိုလျှင် ဂျာမနီ၊ ပြင်သစ်နှင့် နယ်သာလန်တို့ကဲ့သို့ မဟာမိတ် များ၏ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အဦးကို ဖျက်ဆီးရန် အမိန့်ပေးခဲ့သည့် ဘိုင်ဒန်သည် အကြမ်းဖက်သမား ဖြစ်သည်ဟု ဗိုလိုဒင်က ပြောသည်။
ပိုက်လိုင်းများကို ဖောက်ခွဲခဲ့သည့် အမေရိကန်၏ လုပ်ရပ်သည် သက်ဆိုင်ရာ နိုင်ငံသားများ၏ အကျိုးစီးပွား တိုးတက်အောင် လုပ်ဆောင်ခဲ့သည့် ၎င်းနောက်လိုက် နိုင်ငံများအတွက် ခြိမ်းခြောက်မှုပင် ဖြစ်သည်ဟုလည်း လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။
အမေရိကန် ထောက်လှမ်းရေး သတင်းထောက် ဆေးမော်ဟာ့ရှ်ကို တွေ့ရစဉ်(GETTY IMAGES)
ဟာ့ရှ်၏ ဖော်ထုတ်မှုများသည် ဘိုင်ဒန်နှင့် သူ၏ အပေါင်းအဖော်များကို တရားစီရင်ရေး နိုင်ငံတကာစုံစမ်း စစ်ဆေးမှု စတင်ရန်နှင့် အကြမ်းဖက်မှုဒဏ် ခံခဲ့ရသည့် နိုင်ငံများအတွက် လျော်ကြေးပေး သင့်သည်ဆိုသည်ကို သေချာစေရန် အခြေခံ အချက်အလက်အဖြစ် အသုံးပြုသင့်ကြောင့်လည်း ၎င်းက ဆက်လက် ပြောကြားသည်။
အမေရိကန်အစိုးရဘက်က ဟာ့ရှ်၏ ဖော်ထုတ် ရေးသားချက်များကို ငြင်းဆိုခဲ့ကာ ထိုဖော်ထုတ်ချက်များသည် လုံးဝမှားယွင်းသည့် စိတ်ကူးယဉ် သက်သက်သာဖြစ်ကြောင်း လုံခြုံရေးကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ်က တုန့်ပြန် သည်။
သို့သော် ရုရှားအာဏာပိုင်များဘက်က ပိုက်လိုင်းများ ပေါက်ကွဲမှုကြောင့် အကျိုးအမြတ် ရရှိခဲ့သည့် တစ်ခုတည်း သော နိုင်ငံမှာ အမေရိကန်ဖြစ်သည်ဟု ပေါက်ကွဲမှုအပြီး အမေရိကန်၏ ဥရောပသို့ ဓာတ်ငွေ့တင်ပို့မှု သိသိသာ သာ မြင့်တက်လာခြင်းကို ထောက်ပြပြောဆိုလျက်ရှိသည်။
Source: အာတီ