CNI International News

ဆိုးလ်၊ဖေဖော်ဝါရီ ၈

တိုက်ခိုက်ရေးလေ့ကျင့်မှုများကို တိုးချဲ့ရန်၊ စစ်အတွက်ပြင်ဆင်မှုများကို မြှင့်တင်ရန် မြောက်ကိုရီးယားစစ်တပ်ကို ကင်ဂျုံအန်းက အမိန့်ပေးခဲ့သည်ဟု AP သတင်းတွင် ဖော်ပြသည်။

ယင်းက မြောက်ကိုရီးယားနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအပြင် အမေရိကန်တို့အကြား တင်းမာမှုများ မြင့်တက် နေချိန်တွင် ရန်စသောလက်နက်ထုတ်ဖော်ပြသမှုများကို တိုးမြှင့်ဆောင်ရွက်လာမည့်သဘော ဖြစ်သည်။

ကင်သည် တနင်္လာနေ့တွင် အာဏာရအလုပ်သမားပါတီ ဗဟိုစစ်တပ်ကော်မရှင်အစည်းအဝေးကို ဦးစီးကျင်းပခဲ့ပြီး အမြဲတမ်းအောင်ပွဲဆင်နိုင်ရန်၊တိုးတက်မှုကဏ္ဍသစ်ဖွင့်လှစ်နိုင်ရေး ပြိုင်ဘက်ကင်း စစ်အင်အားကို ပြသရန် တိုက်တွန်းခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းတွင် အင်္ဂါနေ့က ဖော်ပြသည်။

တနင်္လာနေ့အစည်းအဝေးသည် မြောက်ကိုရီးယားဘက်က စစ်ရေးပြပွဲတစ်ခုကျင်းပရန် စီစဉ်နေချိန်တွင် ပေါ်ထွက် လာခြင်းဖြစ်သည်။ ယင်းတွင် ကင်သည် ၎င်းတို့၏နျူကလီးယားလက်နက်နှင့် ဒုံးကျည်ဆိုင်ရာစီမံကိန်းမှ နောက်ဆုံးပေါ် အကြီးစားစစ်လက်နက်များကို ပြသမည်ဟုလည်း ယူဆရသည်။

အစည်းအဝေးတွင် တက်ရောက်ခဲ့သော ကော်မရှင်အဖွဲ့ဝင်များသည် စစ်ပွဲအတွက် အမြင့်ဆုံးပြင်ဆင်မှုများအထိ တိုးမြှင့်လုပ်ဆောင်ခြင်းနှင့် စစ်ဆင်ရေး၊ တိုက်ခိုက်ရေးဆိုင်ရာ လေ့ကျင့်မှုများကိုတိုးချဲ့လုပ်ဆောင်ရေးတို့ အပါ အဝင် စစ်တပ်အတွင်း အကြီးစားပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် တိုက်တွန်းသည့် လုပ်ငန်းစဉ်များစွာကို ဆွေးနွေးခဲ့သည်ဟုလည်း KCNA က ဖော်ပြသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ၂၀၂၂ ခုနှစ် မတ်လတွင် တိုက်ချင်းပစ်ဒုံးကျည်အား ကြည့်ရှု စစ်ဆေးနေစဉ်(ဓါတ်ပုံ-ရိုက်တာ)

ကော်မရှင်သည် အခြေခံကျသော တိုးတက်မှုများနှင့်မြှင့်တင်မှုများ လုပ်ဆောင်နိုင်ရန် သီးသန့်သတ်မှတ်ထားခြင်း မရှိသော အစီစဉ်ပြောင်းလဲမှုများလုပ်ဆောင်ရန်လည်း ဆွေးနွေးခဲ့သည်။ ထိုအစည်းအဝေးနှင့်ပတ်သက်သည့် နိုင်ငံပိုင်သတင်းမှထုတ်ပြန်သော ဓာတ်ပုံများတွင် ဒုံးကျည်ဆိုင်ရာ အထွေထွေဗျူရိုဟုခေါ်သော ဖြစ်နိုင်ဖွယ်ဌာန သစ်တစ်ခုကို ကိုယ်စားပြုသည့် အလံတစ်ခုကိုလည်း တွေ့ခဲ့ရသည်။

မြောက်ကိုရီးယား၏ ကိုရီးယားပြည်သူ့တပ်မတော် (Korean People’s Army) ကို တည်ထောင်ခြင်း (၇၅) နှစ် ပြည့်နေ့သည် ဗုဒ္ဓဟူးနေ့တွင် ကျရောက်မည်ဖြစ်ပြီး မြို့တော်ပြုံယမ်း (Pyongyang) တွင် စစ်ရေးပြအခမ်းအနား တစ်ခုကျင်းပမည်ဟု ယူဆရသည်။

ထို စစ်ရေးပြအခမ်းအနားလေ့ကျင့်ရာနှင့် ဆက်စပ်နေသောဧရိယာများတွင် လူနှင့်မော်တော်ယာဉ်များ သိသိ သာသာများပြားလာမှုကို တောင်ကိုရီးယားစစ်ဘက်မှ သတိထားမိခဲ့ကြောင်း တောင်ကိုရီးယား၏ပူးတွဲ စစ်ဦးစီးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ လီဆန်ဂျန် (Lee Sung-jun) ကပြောခဲ့သော်လည်း အခမ်းအနားကျင်းပရာနေရာနှင့် ပတ်သက်သည့် တိကျသော သတင်းအချက်အလက်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသည်။

တောင်ကိုရီးယားစစ်တပ်သည် မြောက်ကိုရီးယားဘက်မှ ဒုံးကျည်နှင့်ပတ်သက်သော စစ်ဘက်ဗျူရိုသစ် ဖွဲ့စည်းနိုင်ဖွယ်နှင့်ပတ်သက်၍ အနီးကပ်စောင့်ကြည့်နေသည်ဟု လီက ပြောခဲ့သော်လည်း အသေးစိတ်ကို ပြောဆိုခဲ့ခြင်းမရှိပေ။

Source:AP