CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇

ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်များကို အကောင်အထည်ဖော်နိုင်မှသာ လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေသည့် အထွေထွေ အကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) က ထုတ်ပြန်ခဲ့သည်။

ယနေ့ (ဖေဖော်ဝါရီ ၇ ရက်)တွင် ကျရောက်သည့် (၇၆)နှစ်မြောက် သျှမ်းပြည် အမျိုးသားနေ့နှင့် ပတ်သက်ပြီး ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။

RCSS က “သျှမ်းပြည်တိုင်းရင်းသားများနှင့် ပြည်ထောင်စုတစ်ဝန်းရှိ တိုင်းရင်းသားများ အားလုံးအနေဖြင့် သျှမ်း ပြည် အမျိုးသားနေ့ အနှစ်သာရနှင့် ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓါတ်၊ ပင်လုံစာချုပ်ပါ သဘောတူချက်များ အတိုင်း စုပေါင်း အကောင်အထည်ဖော်၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာ လက်ရှိ တိုင်းပြည် အထွေထွေအကျပ်အတည်းကို ဖြေရှင်းနိုင်မည်”ဟု ပြောသည်။

RCSS ဌာနချုပ် လွယ်တိုင်းလျဲန်တွင် သျှမ်းပြည်အမျိုးသားနေ့ကျင်းပနေစဉ်

ပင်လုံစာချုပ်သည် အနာဂတ် တိုင်းပြည် တည်ဆောက်ရာတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ဖြင့် တည်‌ဆောက်ပြီး တိုင်းရင်းသားများ အားလုံး အေးအတူပူအမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းကို ဖော်ညွှန်း သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခြင်းကြောင့်သာလျှင် ပြည်ထောင်စုအား တည်ဆောက်နိုင်ခဲ့ခြင်းကို သျှမ်းပြည် ပြည်သူ လူထု တစ်ရပ်လုံးအနေဖြင့် အမြဲထာဝရ သတိရပြီး ပင်လုံစာချုပ်သည် ပြည်ထောင်စုဖွား တိုင်းရင်းသားများ အားလုံးနှင့်လည်း ဆက်စပ် သက်ဆိုင်သည်ကို နှလုံးသွင်း ထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။