CNI News

၂၀၂၂ ခုနှစ်၊ မေလ ၁၉

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တို့ မေလ ၂၀ ရက်(မနက်ဖြန်) တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပမည်ဖြစ်ကြောင်း ယနေ့ (မေလ ၁၉ ရက်) (၁၄)ကြိမ်မြောက် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၎င်းက ပြောသွားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မနက်ဖြန် စတင် ဆွေးနွေးပါမယ်၊ တစ်ဖွဲ့ချင်း ဆွေးနွေးမှာဖြစ်ပါ တယ်။ မနက်ဖြန် ပထမဦးဆုံး RCSS/SSA နဲ့ စဆွေးနွေးမည် ဖြစ်ပါတယ်။ ဒီနေ့ သူတို့ ရောက်နေပါပြီ။ ပြီးရင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၃ ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

၂၀၁၈ ခုနှစ်၊ဇူလိုင် ၁၂ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ RCSS အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစိုင်းငင်း နှုတ်ဆက်နေစဉ်

RCSS နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံသည့်အခါ နံပါတ်တစ် EAO များ၏ လိုအင်ဆန္ဒ၊ နံပါတ်နှစ် နိုင်ငံ တော်အစိုးရက လိုလားချက်၊ နံပါတ်သုံး EAO များ လိုအင်ဆန္ဒနှင့် နိုင်ငံတော်အစိုးရ လိုလားချက် ညှိနှိုင်းခြင်း၊ နံပါတ် လေး နောင်အနာဂတ်တွင် မည်သည့် ကိစ္စများ လုပ်ကိုင်ဆောင်ရွက်မည်လဲ စသည့် အကြောင်းအရာများကို အခြေခံ ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့နောက် ၃ ရက်ခြား တစ်ခါ နောက်ထက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဆက်လက် ဆွေးနွေးသွားမည် ဖြစ် ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု RCSS ၊ NMSP၊ PNLO၊ DKBA၊ KNU/KNLA-PC၊ ALP၊ LDU၊ UWSA၊ NDAA၊ SSPP စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ တက် ရောက်ကြမည် ဖြစ်သည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ထဲမှ ၃ ဖွဲ့သာ ဥက္ကဋ္ဌများ တက်ရောက်မည်ဖြစ်ပြီး ကျန်အဖွဲ့များက ဒုဥက္ကဋ္ဌ နှင့် တွဲဖက်အတွင်းရေးမှူးများသာ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။