CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂

နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က ဆွေးနွေးသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအပေါ် RCSS ကိုယ်စားလှယ်အဖွဲ့က ပြန်လည် ဆွေးနွေးရန် အဆင်သင့် မဖြစ်သေးဟု ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(RCSS/SSA)က စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နစက၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအရ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၉ ရက်တွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်းကောင်း၊ နစက ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်နေ့အထိ လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

RCSS က “ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေ ခံမူများအပေါ် နှစ်ဖက် ရပ်တည်ချက်များနှင့် ပတ်သက်၍ ညှိနှိုင်းရန် အချိန်လိုအပ်ခြင်း၊ နိုင်ငံတော်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့က ဆွေးနွေးသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအပေါ် RCSS ကိုယ်စားလှယ် အဖွဲ့က ပြန်လည်ဆွေးနွေးရန် အဆင်သင့်မဖြစ်ခြင်း၊ RCSS ၏ အဆိုပြုချက်များကိုလည်း ပြန်လည် ဆွေးနွေးရန် အတွက် နိုင်ငံတော်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့က ပြင်ဆင်ချိန်လိုအပ်သဖြင့် နောင်တွေ့ဆုံပွဲများတွင် နှစ်ဖက် အဆိုပြုချက်များအား ဆက်လက် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းသွားရန် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်”ဟု ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

RCSS ကိုယ်စားလှယ်အဖွဲ့နဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးစဉ်

ထို့နောက် ၃ ရက်တာ တွေ့ဆုံ ဆွေးနွေးမှုတွင် လက်ရှိ နိုင်ငံရေး အထွေထွေ အကျပ်အတည်း ဖြေရှင်းရေး အတွက် RCSS ၏ ငြိမ်းချမ်းရေးလမ်းပြမြေပုံ၊ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ RCSS ၏ ဖက်ဒရယ်အခြေခံမူများ၊ ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများ၊ ဒေသခံ ပြည်သူလူထု အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ စသည့် အခြေအနေများကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးခဲ့သည်။

အလားတူ နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား(၁) ပြည်ထောင်စု ဥပဒေပြုစာရင်း၊ ဇယား(၂) ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဥပဒေပြုစာရင်း၊ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း(၁၊ ၂၊ ၃)ပါ သဘောတူညီချက်များအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ များနှင့် ကိုက်ညီမှု ရှိ/မရှိ လေ့လာသုံးသပ်ချက်များနှင့် အခြား အကြောင်းအရာများကို ဆွေးနွေးရှင်းလင်းခဲ့ သည်ဟု RCSS က ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အလွတ်သဘော ဆွေးနွေးပွဲများလည်း ပြုလုပ်သင့်ကြောင်း၊ သူ့ဘက်ကိုယ့်ဘက် မျှမျှတတဖြစ်သည့် ဆွေးနွေးပွဲများ ဖြစ်ရန်လိုအပ်ကြောင်း၊ ပါဝင်သင့် ပါဝင်ထိုက် သူများ အားလုံးပါဝင်သော ဆွေးနွေးပွဲဖြစ်ရန်လည်း လိုအပ်ကြောင်း စက်တင်ဘာ ၁ ရက်နေ့က ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

RCSS သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသည့် ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်သည်။