CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ဦးဆောင် နာယက အဖြစ် လက်ခံထားမှုကို ပြန်လည် ရုပ်သိမ်းပါကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃၁ ရက်နေ့က KNU ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ကျင်းပခဲ့ရာ PPST ၏ ဦးဆောင်နာယကအဖြစ် တာဝန်မယူသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်ကို လိုက်နာခဲ့သည်ဟု PPST သို့ ပေးပို့သော စာတွင် ဖော်ပြထားသည်။

PPST က အဖွဲ့အစည်းကို ကိုယ်စားမပြုဘဲ ပုဂ္ဂိုလ်ရေးအရ ဦးဆောင်နာယကအဖြစ် တာဝန်ယူပေးရန် ကမ်း လှမ်းခဲ့ခြင်းကို လက်ခံကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဩဂုတ် ၄ ရက်နေ့စွဲဖြင့် PPST ထံ စာပေးပို့ခဲ့သည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး (EPA)

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက "ကျနော်၏ ကိုယ်ပိုင်သဘောထား ဆုံးဖြတ်ချက်ဖြင့် အဖွဲ့အစည်းကိုယ်စားမပြု ဘဲ ပုဂ္ဂိုလ်အရလွတ်လပ်စွာ ပါဝင်ရန် ပြန်ကြားစာပေးပို့ခဲ့သော်လည်း ဩဂုတ် ၃၁ ရက်တွင် ကျင်းပသော KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ကျနော်သည် PPST ၏ ဦးဆောင်နာယကအဖြစ် တာဝန် မယူသင့်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်”ဟု PPST သို့ ပေးပို့သော စာတွင် ဖော်ပြထားသည်။

ထို့နောက် KNU ၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သော ကျနော်သည် ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သူဖြစ်ပြီး KNU က ချမှတ်ထားသော ဖွဲ့စည်းပုံအခြေခံဉပဒေ၊ နည်းဉပဒေများကို တာဝန်ခံထိန်းသိမ်းရန် တာဝန်ရှိသည့်အလျောက် ပုဂ္ဂိုလ်ရေးအမြင်ထက် အဖွဲ့အစည်း၏ “မူ”၊ လမ်းစဉ်အား ဦးစားပေး ရှေ့ဆောင်မှုပြုရန် ရည်ရွယ်၍ PPST ၏ ဦးဆောင်နာယက အဖြစ် တာဝန်ယူရန် သဘောတူသည့် ပေးစာအား ပြန်လည် ရုပ်သိမ်းပါကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက PPST သို့ စာတစ်စောင် ပေးပို့ခဲ့သည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို NCA-S EAO Summit မှာတွေ့ရစဉ် (NCA-S EAO)

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် PPST ကို စတင် ဖွဲ့စည်းသည့် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် နုတ်ထွက်သွားခဲ့သည်။

လက်ရှိတွင် PPST ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(AL P)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့ဖြင့် ဖွဲ့စည်း ထားသည်။

ကျန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုး သားတပ်ဦး(CNF)တို့က အဖွဲ့အဝင်များအဖြစ် ပါဝင်မှုကနေ ရပ်နားထားကြောင်း သိရသည်။