CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး မြန်မာတွေပဲ အဖြေရှာရမှာ ဖြစ်ကြောင်း ရခိုင့်ဦး ဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲမှာ ပြဿနာ ဖြေရှင်းရေးအတွက် ထွက်ပေါက်ဟု သုံးသပ်မှုများလည်းရှိသလို နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ဟုသုံးသပ်မှုများလည်း ရှိနေသည်။

ရွေးကောက်ပွဲကို ကျင်းပမည့် နစကနှင့် အာဆီယံအနေဖြင့် ယခုနောက်ပိုင်းတွင် ထိစပ်မှု မတွေ့ရကြောင်း၊ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို အာဆီယံအနေဖြင့် ဖြေရှင်းနိုင်ရေး ချည်းကပ်မှု ရှိနေကြောင်း ဒေါက်တာ အေးမောင် က ပြောသည်။

 အာဆီယံမှာ မြန်မာကိုယ်စားလှယ် တက်ခွင့်မရလို့ ထိုင်ခုံလွတ်နေစဉ်

၎င်းက “အာဆီယံလက်ခံခြင်း၊ မလက်ခံခြင်းက အာဆီယံရဲ့ သဘောထားလေ၊ အာဆီယံနဲ့ လက်ရှိ ရွေးကောက်ပွဲ ကို ကျင်းပမယ်ဆိုတဲ့ အစိုးရကလည်း သိပ်ပြီး ထိစပ်မှု နောက်ပိုင်းမှာ မတွေ့ရဘူး။ မြန်မာ့နိုင်ငံရေးကို ဘယ်လို ဖြေရှင်းမှာလဲဆိုတဲ့ ပုဒ်စာတစ်ပုဒ်က အာဆီယံမှာ ကျန်ခဲ့တာကိုး။ သူတို့က ဖြေရှင်းပေးနိုင်မှာလား၊ ဘယ်လို ချည်း ကပ်မှု ပုံသဏ္ဍာန်နဲ့ မြန်မာ့နိုင်ငံရေးကို ဖြေရှင်းဖို့ ကြိုးစားမှာလဲဆိုတာ အာဆီယံရဲ့ ရပ်တည်ချက်နဲ့ အာဆီယံရဲ့ အခြေအနေပေါ့၊ အာဆီယံကို ကနဦး တည်ထောင်တာက ကျနော်တို့ နားလည်တာက တစ်နိုင်ငံရဲ့ ပြည်တွင်းရေး ကို တစ်နိုင်ငံက မစွက်ဖက်ရဘူးဆိုတဲ့ မူကြီးတွေ ရှိတာကိုး၊ အဲဒီမူကြီးတွေကို အာဆီယံလိုက်နာ သလားဆိုတာ လေးက အာဆီယံရဲ့ ရပ်တည်ချက်နဲ့ ဆိုင်တာပေါ့၊ မြန်မာ့နိုင်ငံရေးကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် သတ် မှတ်လို့ ဖြေရှင်းပေးလိုပါတယ်လို့ အာဆီယံဘက်က ပြောရင် မြန်မာ့နိုင်ငံရေးရဲ့ အရွှေ့က ဘယ်ဖက်ကို သွားနေ သလဲ၊ ဘယ်လိုရွှေ့ရင် ကောင်းမလဲဆိုတာ အာဆီယံကိုယ်တိုင်ကပဲ ဆုံးဖြတ်ပေးရမှာ မြန်မာ့နိုင်ငံရေးနဲ့ အာဆီယံ သည် တိုက်ရိုက် မပတ်သက်ဘူး။ မြန်မာ့နိုင်ငံရေးကို မြန်မာတွေက ထွက်ပေါက်အဖြစ် ရှာရမှာ ဖြစ်တယ်” ဟု ပြောသည်။

လက်ရှိ အာဆီယံတွင် တရုတ်လိုလားသည့် အာဆီယံနှင့် အနောက်အုပ်စုကို လိုလားသော အာဆီယံဟူ၍ အုပ်စု ၂ စု ကွဲနေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ဒီမိုကရေစီအရေးတောင်းဆိုကြစဉ်

၎င်းက “အာဆီယံအနေနဲ့ ပြောရရင်တော့ အာဆီယံက တချို့က လက်ခံတယ်ဗျ၊ တချို့က လက်ခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ လက်ခံတဲ့ နိုင်ငံတွေကလည်း ဘယ်နိုင်ငံလဲဆိုတာ မပြောဘူး။ ဘာကြောင့်လဲဆိုတော့ အာဆီယံကလည်း ၂ ခြမ်းကွဲနေတာ၊ တရုတ်လိုလားတဲ့ အာဆီယံတွေနဲ့ အမေရိကန်နဲ့ အနောက်တိုင်းကို လိုလားတဲ့ အဖွဲ့အစည်းတွေ ရှိတော့ အဲဒီအဖွဲ့အစည်းတွေ အဲဒီနိုင်ငံတွေကတော့ ဒီရွေးကောက်ပွဲကို လုံးဝလက်မခံပါဘူး။ တရုတ်လိုလားတဲ့ အင်အားစုတွေကတော့ ရွေးကောက်ပွဲကို အသိအမှတ်ပြုမယ့် သဘောရှိပါတယ်။ အဲဒါကြောင့် တစည်းတလုံး တည်း၊ တညီတညာတည်း အနေထားဖြင့် မရှိပါဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲကျင်းပနိုင်ရေး လူဦးရေစာရင်းများ ကောက်ခံပြီးဖြစ်သလို၊ နိုင်ငံရေးပါတီများ မှတ်ပုံတင် ပြန်တင်ရန် ဥပဒေ၊ နည်းဥပဒေများလည်း ထုတ်ပြန်ထားပြီး ဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမှာ ဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံ တော်အာဏာ လွှဲအပ်ပေးမှာဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။