CNI International News

ဆိုးလ်၊ ဩဂုတ် ၅

တောင်ကိုရီးယား အာဏာပိုင်များသည် နယ်စပ်ဒေသ တစ်လျှောက်တွင် တပ်ဆင်ထားသည့် မြောက်ကိုရီယား ဆန့်ကျင်သည့် ဝါဒဖြန့်မှုများကို ထုတ်လွှင့်ခဲ့သော အသံချဲ့စက်များကို ဩဂုတ် ၄ ရက်က စတင်ဖယ်ရှားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

တောင်ကိုရီးယားသမ္မတသစ် လီဂျေမြောင် (Lee Jae-myung) သည် မြောက်ကိုရီးယားနှင့် တင်းမာမှု လျှော့ချရန် ကြိုးပမ်းနေချိန်တွင် ထိုကဲ့သို့ အသံချဲ့စက်များကို ဖယ်ရှားနေခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“ဒီနေ့ကစပြီး စစ်တပ်ဟာ အသံချဲ့ဝက်တွေကို စတင်ဖယ်ရှားနေပါတယ်” ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လီကွမ်ဟို (Lee Kyung-ho) က ပြောကြားခဲ့သည်။

လီ၏ အစိုးရအဖွဲ့သည် အာဏာရလာခဲ့သည့် ဇွန်လအတွင်း မြောက်ကိုရီးယားအစိုးရကို ဝေဖန်နေသော ဝါဒဖြန့် မှုများကို ထုတ်လွှင့်နေသည့် အသံချဲ့စက်များကို ပိတ်ခဲ့သည်။

တောင်ကိုရီးယားအလံကို တွေ့ရစဉ်

ထို့ပြင် လီသည် မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲများကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေသော်လည်း မြောက်ကိုရီးယားကမူ တောင်ကိုရီးယားနှင့် ဆွေးနွေးရန် စိတ်မဝင်စားကြောင်း တုံ့ပြန်ခဲ့သည်။

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံသည် ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ်အထိ စစ်ပွဲဖြစ်ပွားခဲ့သည်။

ထိုစစ်ပွဲကို ငြိမ်းချမ်းရေးစာချုပ်ဖြင့် မဟုတ်ဘဲ စစ်ရပ်ဆိုင်းရေး သဘောတူညီချက်သာ ချုပ်ဆိုထားသဖြင့် သဘောတရားအရ စစ်ဖြစ်နေသည့် အနေအထားမှာပင် ရှိနေသေးသည်။

“ဒါဟာ မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေကို လျှော့ချရာမှာ အထောက်အကူ ဖြစ်စေတဲ့ လုပ်ဆောင်ချက် ဖြစ်ပါ တယ်။ ဒါပေမယ့် စစ်တပ်ရဲ့ အသင့် အနေအထား ရှိမှုကတော့ လျော့ကျမသွားပါဘူး” ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုအသံချဲ့စက်များအားလုံးကို ယခုသီတင်းပတ် ကုန်ပိုင်းတွင် ဖြုတ်သိမ်း သွားမည်ဖြစ်သော်လည်း အသံချဲ့စက် အရေအတွက် မည်မျှရှိသည်ကို လီက ပြောကြားခဲ့ခြင်း မရှိပေ။

Source: အယ်လ်ဂျာဇီးယား