CNI International News

မနီလာ၊ ဩဂုတ် ၅

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် အိန္ဒိယနှင့်ဖိလစ်ပိုင် ရေတပ်များသည် ဩဂုတ် ၄ ရက် က ပထမဆုံးအကြိမ် ပူးတွဲကင်းလှည့်မှုများ ပြုလုပ်နေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ဩဂုတ် ၃ ရက်နှင့် ၄ ရက်တွင် ပြုလုပ်ခဲ့သည့် ထိုကင်းလှည့်မှုများတွင် အိန္ဒိယစစ်သင်္ဘော ၃ စင်း ပါဝင်ခဲ့သည်။

ဩဂုတ် ၄ ရက်တွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jnr) သည် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် နယူးဒေလီ (New Delhi)သို့  သွားရောက်ခဲ့ သည်။

တောင်တရုတ်ပင်လယ်၏ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေပြင် နယ်နိမိတ်များတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နောက် ဖိလစ်ပိုင်သည် မဟာမိတ်များနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ် အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး နိုင်ငံတကာ အနုညာတခုံရုံးကမူ တရုတ်၏ ကြေညာချက်သည် တရားမဝင်ကြောင်း စီရင်ချက်ချခဲ့သည်။

ပင်လယ်ပြင်လုံခြုံရေး‌ဆောင်ရွက်နေတဲ့ စစ်သင်္ဘောကို တွေ့ရစဉ်

အိန္ဒိယ၏ INS Delhi(အိုင်အမ်အက်စ် ဒေလီ)ဖျက်သင်္ဘော အပါအဝင် ရေတပ်သင်္ဘော ၃ စင်းသည် ပူးတွဲ ကင်းလှည့်မှုများ ပြုလုပ်ရန်အတွက် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ (Manila) မြို့တော်ရှိ ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။

ပူးတွဲကင်းလှည့်မှုများကို ဩဂုတ် ၃ ရက် မွန်းလွဲပိုင်းကတည်းက စတင်ခဲ့ပြီး ယနေ့အထိ ဆက်လက် လုပ်ဆောင် နေသည်ဟု ဖိလစ်ပိုင် ဒုတိယဗိုလ်ချုပ်ကြီး ဂျွန်ပေါ် ဆယ်ဂါဒို (John Paul Salgado) က ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယရေတပ်သင်္ဘော INS Shakti (အိုင်အမ်အက်စ် ရှာတီ)သည် ဆိပ်ကမ်းသို့ ဆိုက်ကပ်လာချိန်တွင် ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် ကူမား ဂျိမ်း(Shri Harsh Kumar Jain)က ထိုသင်္ဘောပေါ်သို့ တက်ပြီး ယခု ပူးတွဲ ကင်းလှည့်မှုသည် နှစ်နိုင်ငံကြား တိုးတက်လာသည့် ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပြသရာ ရောက်ကြောင်း ပြောကြားခဲ့သည်။

ယခု ကင်းလှည့်မှုသည် ပွင့်လင်းပြီး စည်းမျဉ်း အခြေပြုသည့် အင်ဒို-ပစိဖိတ်ဒေသ၏ လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်ကို ထိန်းသိမ်းမည့် မိမိတို့ ကတိကဝတ်များ၏ သင်္ကေတဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

Source: South China Morning Post