CNI International News
ဂူဝါဟတီ၊ ဩဂုတ် ၅
နာဂအဖွဲ့ခွဲများအားလုံးကြား ပြီးပြည့်စုံသည့် သဘောတူညီမှုတစ်ခု လက်မှတ်ရေးထိုးရန် အားထုတ်ကြိုးပမ်း နေချိန်တွင် သူပုန်အဖွဲ့ ၆ ဖွဲ့ ပါဝင်သော NNPGs အဖွဲ့နှင့် အလုပ်တွဲလုပ်ခြင်းသည် အန္တရာယ်များကြောင်း အပစ်အခတ်ရပ်စဲထားသည့် နာဂအဖွဲ့များထဲ၌ အင်အားအကြီးဆုံးဖြစ်သည့် NSCN-IM က ဩဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
“NSCN အတွက်တော့ NNPGs နဲ့ အလုပ်တွဲလုပ်တာဟာ အန္တရာယ်များတဲ့ကိစ္စ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ NNPGs ဟု နာဂနိုင်ငံရေးကို အိန္ဒိယ အခြေခံဥပဒေအောက်ကို ထည့်သွင်းနေလို့ပါပဲ။ သူတို့ဟာ လိမ်မာပါးနပ်မှု လည်း မရှိပါဘူး။ သူတို့ကို အိန္ဒိယအစိုးရက ကြိုးကိုင်နေတာပါ” ဟု NSCN-IM ဥက္ကဋ္ဌ ကျူတုကူ(Q Tuccu)က ပြောကြားခဲ့သည်။
နာဂနိုင်ငံရေး လှုပ်ရှားမှုကို ဦးဆောင်နေသည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)အတွက် နာဂလူမျိုး များ၏ သမိုင်းကြောင်းနှင့် ကိုယ်ပိုင် နိုင်ငံရေးလက္ခဏာကို လျော့ပါးစေသည့် အဖွဲ့များနှင့် မည်သည့်အခါမှ အလုပ်တွဲလုပ်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
NNPGs အဖွဲ့ကိုတွေ့ရစဉ်
NSCN-IM နှင့် အိန္ဒိယအစိုးရကြား လက်မှတ်ရေးထိုးခဲ့သည့် Framework Agreement သဘောတူညီချက်သည် ဩဂုတ် ၃ ရက်က ၁၀ နှစ်ပြည့်သွားခဲ့ပြီဖြစ်သည်။
NSCN-IM သည် ၁၉၉၇ ခုနှစ်က အိန္ဒိယအစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဩဂုတ် ၃ ရက်တွင် နယူးဒေလီ (New Delhi) မြို့တော်၌ အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် Framework Agreement ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
နာဂအမျိုးသား နိုင်ငံရေးအဖွဲ့များ (NNPGs) သည်လည်း အိန္ဒိယအစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် Agreed Position အမည်ရှိ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
NSCN-IM သည် သီးခြား နာဂအလံတော်နှင့် နာဂအခြေခံဥပဒေကို အသိအမှတ်ပြုရေးအတွက် အပြီးသတ် သဘောတူညီချက် လက်မှတ် ရေးထိုးရမည် ဖြစ်သော်လည်း NNPGs သည် ထိုအချက်များ မပါဘဲ အပြီးသတ် သဘောတူညီချက်ကို လက်မှတ် ရေးထိုးရမည်ဖြစ်သည်။
နာဂအလံကိုတွေ့ရစဉ်
“NSCN ဟာ နာဂနိုင်ငံရဲ့ အခွင့်အရေးကို လေးစားမှုမရှိတဲ့ အဲဒီလို အဖွဲ့တွေနဲ့ အလုပ်တွဲလုပ်ဖို့ စိတ်ကူးထဲမှာ တောင် မရှိပါဘူး။ ဒါထက်ပိုပြီး ပြောရရင် အိန္ဒိယအစိုးရဟာ NSCN ကို တန်ပြန် ထိန်းညှိဖို့အတွက် NNPGs ကို ဖွဲ့စည်းထူထောင်ပေးခဲ့တာပါ”ဟု တုကူ(Tuccu)က ပြောသည်။
ထို့ပြင် Agreed Position သဘောတူညီချက်သည်လည်း Framework Agreement သဘောတူညီချက်ကို ကော်ပီ ကူးထားခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
NSCN-IM အပါအဝင် နာဂအဖွဲ့ အများစုသည် နာဂပြည်သည် မည်သည့်အချိန်ကမှ အိန္ဒိယ၏ အစိတ်အပိုင်းတစ်ခု မဟုတ်ခဲ့ဘဲ ၁၉၄၇ ခုနှစ်၊ ဩဂုတ် ၁၄ ရက်က လွတ်လပ်ရေးပင် ကြေညာခဲ့ဖူးသည်။
Source: Deccan Herald