CNI International News

လန်ဒန်၊ နိုဝင်ဘာ ၂၈

ယူကရိန်းသို့ ဗြိတိန်၏ စစ်ရေးအကူအညီကို ၂၀၂၃ ခုနှစ်တွင် တိုးမြှင့်သွားရန် ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆန်းနက် (Rishi Sunak) ၏ရုံးက နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကြေညာနိုင်ဖွယ်ရှိကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော် ပြသည်။

“ယူကရိန်းပြည်သူတွေကို ကျနော်တို့က သံသယကင်းကင်းနဲ့ အချိန်ကြာကြာ ရပ်တည်ပေးသွားမယ်။ လာမယ့်နှစ် မှာ ကျနော်တို့ရဲ့ စစ်ရေးအကူအညီ ဆက်ပေးမယ် (ဒါမှမဟုတ်) တိုးမြှင့်ပေးသွားမယ်။ ပြီးတော့ ယူကရိန်းပြည်သူ တွေကို အကာအကွယ်ပေးဖို့ လေကြောင်းရန်ကာကွယ်ရေး အထောက်အပံ့သစ်တွေ ပို့ပေးသွားမယ်။ ယူကရိန်းကို ကာကွယ်ခြင်းဟာ ကျနော်တို့ကိုယ်ကို ကာကွယ်ရာလည်း ရောက်ပါတယ်” ဟု ၎င်း၏ရုံးက ပြောကြားခဲ့သည်။

လန်ဒန်မြို့ရှိ ဂီးလ်ခန်းမ (Guildhall) တွင် ကျင်းပသည့် အခမ်းအနားတစ်ခု၌ ဝန်ကြီးချုပ် ဆန်းနက်က အထက်ပါ ကိစ္စကို အတည်ပြု ကြေညာသွားနိုင်မည်ဟု မျှော်လင့်ရသည်။

ရီရှီဆန်းနက်နဲ့ ဇာလန်းစကီးကိုတွေ့ရစဉ် (AP)

ထို့ပြင် ၎င်း၏ ပထမဆုံး နိုင်ငံခြားရေးမူဝါဒ မိန့်ခွန်းတွင် ဆန်းနက်က ဗြိတိန်နိုင်ငံအတွက် ရေရှည်ကျင့်သုံးမည့် မဟာဗျူဟာ တစ်ရပ်လိုကြောင်း ချပြသွားရန် ပြင်ဆင်ထားသည်။

“ကျနော်တို့ ဦးဆောင်မှုအောက်မှာ လက်ရှိအနေအထား ရပ်တည်ချက်ကို ဆက်ရွေးမှာ မဟုတ်ဘူး။ ကွဲပြားခြား နားတဲ့ အသွင်အပြင်နဲ့ ကျနော်တို့ လုပ်မယ်။ လွတ်လပ်မှု၊ ပွင့်လင်းမှုနဲ့ တရားဥပဒေစိုးမိုးရေးတို့မှာ ကျနော်တို့က ခိုင်မာယုံကြည်ချက်နဲ့ ဆက်လက် ရပ်တည်သွားမယ်။ ဒီလို စိန်ခေါ်မှုနဲ့ ပြိုင်ဆိုင်မှုရှိနေတဲ့ အခိုက်အတန့်မှာ  ကျနော်တို့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ ကျနော်တို့ရဲ့ တန်ဖိုးတွေကို အလေးပေး လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်” ဟု ဝန်ကြီးချုပ်ရုံးက ဆက်လက် ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့ရန်သူတွေနဲ့ ပြိုင်ဖက်တွေကို ရေရှည်ရင်ဆိုင်သွားနိုင်ဖို့ အစီအစဉ်တွေ ရေးဆွဲထားပါတယ်။ ဒီလို ရင်ဆိုင်နိုင်ဖို့ ရေတိုတွေးခေါ်မှုမျိုးနဲ့ မလုံလောက်ပါဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ ချဉ်းကပ်မှုမှာ ဆင့်ကဲဖြစ်စဉ် တွေကို ကျော်လွှားသွားမယ်။ ဆိုလိုချင်တာကတော့ ကျနော်တို့ရဲ့ တန်ဖိုးတွေကို အကာအကွယ်ပေးတဲ့ နေရာမှာ ပိုအားကောင်းဖို့နဲ့ ပွင့်လင်းမြင်သာမှု ဖြစ်ပါတယ်” ဟု ရီရှီဆန်းနက်က ၎င်း၏မိန့်ခွန်းထဲတွင် ထည့်သွင်း ပြောကြား မည်ဟု ဝန်ကြီးချုပ်ရုံး၏ အဆိုအရ သိရသည်။

လက်နက်ခဲယမ်းများကို တွေ့ရစဉ် (AP)

ဆန်းနက် ဦးဆောင်သော အစိုးရသစ်သည် ကြီးမားသော ပထဝီဝင်နိုင်ငံရေး ပြောင်းလဲမှုများကို ထည့်သွင်းစဉ်းစား ရန်၊ ဗြိတိန်၏ လက်ရှိ လုံခြုံရေး၊ ကာကွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ တို့ကို ပြန်လည် သုံးသပ်ရန်နှင့် အဆင့်မြှင့်တင်ရန် လုပ်ဆောင်နေသည်ဟု ဝန်ကြီးချုပ်ရုံးက ထပ်လောင်း ပြောကြားခဲ့သည်။

ယူကရိန်းသို့ ဗြိတိန်၏ စစ်ရေးအကူအညီ ပမာဏမှာ ပေါင် ၃ ဘီလီယံ (ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ) ကျော်သွား ပြီဟု နိုဝင်ဘာ ၁၉ ရက်၌ ၎င်း၏ယူကရိန်း ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

ဗြိတိန်သည် ယူကရိန်းသို့ NLAW တင့်ကား ချေမှုန်းရေးစနစ်ပေါင်း ၇ဝဝဝ နီးပါး၊ သံချပ်ကာယာဉ် အစင်း ၁၀၀ ကျော်၊ Starstreak ဒုံးကျည်များ အပါအဝင် Stormer မောင်းသူမဲ့ လေကြောင်းရန် ကာကွယ်ရေး (ဒရုန်း ချေမှုန်း ရေး) စက်သေနတ်များ၊ M109 ဟောင်ဝပ်ဇာများနှင့် L119 လက်နက်များ ၊ M270 MLRS အမျိုးအစား လက်နက် များ၊ အမြောက်ကျည်ဆန် ၁၆ဝဝဝ ကျော်၊ ခဲယမ်းမီးကျောက်များနှင့် ပလတ်စတစ် ဖောက်ခွဲရေးပစ္စည်းများ ၄ ဒသမ ၅ တန်တို့ကို ပေးအပ်ခဲ့ပြီး ဖြစ်သည်။

Source: တာ့စ်သတင်းဌာန