CNI Intetnational  News

တီဟီရန်၊ နိုဝင်ဘာ ၂၈

အမေရိကန်ဘောလုံးအသင်းနှင့် အမေရိကန်နိုင်ငံရှိ လူမှုကွန်ရက် မီဒီယာပို့စ်များတွင် ၎င်းတို့၏ အစ္စလာမ္မစ် သမ္မတနိုင်ငံ(အီရန်)အလံပုံထဲမှ အလ္လာဟ်ဟူသော စကားလုံး အဖယ်ရှားခံရခြင်းနှင့် ပတ်သက်၍ အီရန်ဘောလုံး အဖွဲ့ချုပ်က ဖီ‌ဖာထံသို့ ကန့်ကွက်ကြောင်း တိုင်ကြားထားသည်ဟု သိရသည်။

လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နိုဝင်ဘာ ၃၀ ရက်၌ အီရန်အသင်းနှင့် အမေရိကန်အသင်း ယှဉ်ပြိုင်ကစားကြမည့် ပွဲ မတိုင်မီ အထက်ပါအတိုင်း အီရန်ဘက်မှ ကန့်ကွက်မှု ပေါ်ပေါက်လာခဲ့သည်။

“အမေရိကန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အင်စတာဂရမ်(Instagram)မှာ အီရန်အသင်း အလံထဲကနေ အလ္လာဟ်ရှင်မြတ် ရဲ့ အမှတ်လက္ခဏာကို ဖြုတ်ချ ဖယ်ရှားခဲ့ပါတယ်။ ဒါဟာ စံချိန်စံညွှန်း မညီတဲ့လုပ်ရပ်ပါ” ဟု အီရန်အစိုးရမီဒီယာ IRNA က နိုဝင်ဘာ ၂၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။

“အမေရိကန်ဘောလုံးအဖွဲ့ချုပ်ကို ပြင်းထန်တဲ့ သတိပေးချက် ထုတ်ပေးဖို့ အီရန်ဘောလုံးအဖွဲ့ချုပ်ကနေ ဖီဖာထံ သို့ အီးမေးလ်တစ်စောင် ပေးပို့ခဲ့ပါတယ်” ဟု အဆိုပါသတင်းတွင် ရေးသားထားသည်။

ထိုတိုင်ကြားချက်အပေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖြစ်သည့် ဖီဖာထံမှ အများသိအောင် တုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။

အမေရိကန်နှင့် အီရန်တို့သည် ၁၉၈၀ ပြည့်နှစ်မှစ၍ သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့သည်။

အီရန်အလံကို ပြောင်းလဲ ထားတဲ့ အုပ်စုတွင်း ဖော်ပြမှုကိုတွေ့ရစဉ် (GETTY IMAGES)

အမေရိကန်ဘောလုံးအဖွဲ့ချုပ် (USSF) က နိုဝင်ဘာ ၂၇ ရက်၊ နံနက်ပိုင်းတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ ရာတွင် ရဲများလက်ထဲ ဖမ်းဆီးခံရသူ အသက် ၂၂ နှစ်အရွယ် အီရန်အမျိုးသမီး မာရှားအေမီနီ သေဆုံးမှုကို ထည့် သွင်း ရေးသားခဲ့သည်။

၎င်းသေဆုံးမှုကို အကြောင်းပြု၍ အခြေခံလူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသည့် အီရန်အမျိုးသမီးများနှင့် အတူ USSF ကလည်း ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် မိမိတို့လူမှုကွန်ရက်ပေါ် လွှင့်တင်ထားသည့် အီရန် အလံကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်ဟု ကြေညာချက်ထဲတွင် ဆက်လက်ရေးသားထားသည်။

အီရန်အလံတွင် အနီ၊ အဖြူနှင့် အစိမ်းရောင်ဖြင့် အလျားလိုက်အစင်း ၃ ကြောင်း၏ အလယ်ခေါင်တွင် အလ္လာဟ်ဟူ သော စကားလုံးကို ခတ်နှိပ်ထားသည်။

ထို့ပြင် အမေရိကန်အမျိုးသား ဘောလုံးအသင်း၏ တွစ်တာ account တွင် အုပ်စုအဆင့် ပွဲစဉ်များကို ဖော်ပြရာ၌ အီရန်အလံကို အနီ၊ အဖြူ၊ အစိမ်းရောင် အစင်းများသာ ပါရှိပြီး အလ္လာဟ်ဟူသော စကားလုံးကို ဖြုတ်ချထား ကြောင်း တွေ့ရှိရသည်။

အလားတူ အမေရိကန်အသင်း၏ ဖေ့စ်ဘွတ်နှင့် အင်တာဂရမ်များတွင် အုပ်စုအတွင်း ရမှတ် စုစုပေါင်း ဖော်ပြရာ၌ အီရန်အလံကို ထိုကဲ့သို့ ပြောင်းလဲ ပြင်ဆင်ထားသည်။

Source: Aljazeera