CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နေသူများကို ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်နေ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အတွက် ပြည်သူသို့ ပြောကြားသော မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မန်းဝင်းခိုင်သန်းက “အမျိုးသမီးများနဲ့ ကလေးသူငယ်များအပေါ် အကြမ်းဖက်ခံရမှုဟာ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ပြည်သူ့တော်လှန်ရေးကာလမှာ စစ်တပ်ရဲ့ သန္ဓေယုတ်၊ ကြမ်းကြုတ်တဲ့ အလေးအထများ ကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်များဟာ အကြမ်းဖက်ခံရဆုံး ပုဂ္ဂိုလ်များ ဖြစ်နေပါတယ်။ ထိုအကြမ်းဖက်မှု များကို မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ထိရောက်စွာ အရေးယူနိုင် ရန်လည်း တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောသည်။

မိမိတို့ နိုင်ငံတွင် အကြမ်းဖက်ခံနေရသည့် အမျိုးသမီးများ၊ ကလေးသူငယ်များအတွက် တက်ကြွလှုပ်ရှားသူများနှင့် အတူ ပူးပေါင်းဆောင်ရွက်ကြရန် မန်းဝင်းခိုင်သန်းက တိုက်တွန်း ပြောကြားခဲ့သည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဉပဒေအရ အကာအကွယ်ပေးဖို့ လှုပ်ရှားမှုတစ်ခုကိုတွေ့ရစဉ် (Htoi Gender Development Foundation)

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လုပ်ရပ်မှာ မည်သည့် အဖွဲ့အစည်းက လုပ်လုပ် မကောင်းကြောင်း ဒီမိုကရက်တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနကို ပြောသည်။

၎င်းက“တကယ်သာ လုပ်ခဲ့ရင်တော့ မကောင်းဘူးပေါ့နော်၊ ဘယ်ဖက်ကမှ မပြောဘူးနော်၊ စစ်တပ်က အဲဒီလို အမျိုးသမီး တွေကို နှိပ်စက်တယ်ဆိုရင်လည်း မကောင်းသလို၊ NUG ဖက်က နှိပ်စက်တယ်ဆိုရင်လည်း ဘယ်သူ ဖက်ကပဲ ဖြစ်ဖြစ် မိန်းကလေးတွေ အပေါ်မှာ အဲဒီလို အနိုင်ကျင့်တာ မကောင်းဘူးပေါ့။ ဒါပေမဲ့ NUG သူတို့ ဘယ်လို အရေးယူမလဲဆိုတာ ကျမက NUG နဲ့ အဆက်အသွယ် မရှိတော့ မသိဘူးလေနော်၊ အဲဒီလိုတော့ တိတိ ကျကျ ကျမ မပြောနိုင်ဘူး။ သူတို့က ဘယ်အခြေအနေရှိတယ်၊ NUG ဘာလုပ်မယ်ဆိုတာ ကျမမှ မသိတာ” ဟု ပြောသည်။

နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ လှုပ်ရှားမှုအဖြစ် ဖဲကြိုးဖြူကမ်ပိန်းများ ပြုလုပ်ရန် တက်ကြွလှုပ်ရှားသူများမှ တိုက်တွန်းခဲ့သည်။

ထို့အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှစ၍ အိမ်တွင်းအကြမ်းဖက်မှု ၁၁၁ မှု၊ အရပ်သားမှ ကျူးလွန် သော မုဒိမ်းမှု ၁၄ မှု၊ မြန်မာ့တပ်မတော်မှ ကျူးလွန်သော မုဒိမ်းမှု ၁၆ မှုနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ၃ မှု ထက်မနည်း ရှိနေကြောင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့သည်။