CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆

မြန်မာအမျိုးသမီး ယူ-၁၉ အသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက ၂၀၂၃ အာဆီယံအမျိုးသမီး ယူ-၁၉ ပြိုင်ပွဲမှာ ခက်ခဲတဲ့ အုပ်စုကို ကျရောက်နေပေမယ့် ဒီအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ပြိုင်ဘက်တိုင်းကို အလေးထား ယှဉ်ပြိုင် သွားမယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒေါ်သက်သက်ဝင်းက “ ခက်ခဲ့တဲ့ အုပ်စုတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာအသင်းအတွက် ကံကောင်းတာက ထိုင်းနဲ့ ဖိလစ်ပိုင်တို့ ကစားကြမယ့်ပွဲကို အရင်ကြည့်ခွင့်ရပြီး ပြင်ဆင်ခွင့်ရတာပါ။ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင် ဖို့အတွက် ပြိုင်ဘက်တိုင်းကို အလေးထား ယှဉ်ပြိုင်သွားမှာပါ”လို့ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

မြန်မာအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု C မှာ ထိုင်း၊ ဖိလစ်ပိုင်တို့နဲ့ တစ်အုပ်စုထဲ ကျရောက်နေတာဖြစ်ပြီး ထိုင်းနဲ့ ဖိလစ်ပိုင် အသင်းတို့က ဇူလိုင် ၆ ရက်မှာ အုပ်စုအဖွင့်ပွဲအဖြစ် စတင်ယှဉ်ပြိုင်ကြမှာပါ။

မြန်မာအမျိုးသမီး ယူ-၁၉ အသင်းနည်းပြ ဒေါသက်သက်ဝင်းကို တွေ့ရစဉ်

မြန်မာအသင်းကတော့ ဇူလိုင် ၈ ရက်မှာ ဖိလစ်ပိုင်၊ ၁၀ ရက်မှာ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို အုပ်စု ၃ ခုခွဲပြီး ကျင်းပမှာဖြစ်လို့ အုပ်စုတွင်း ပထမရတဲ့ ၃ သင်းနဲ့ အကောင်းဆုံးအုပ်စု ဒုတိယရရှိတဲ့ ၁ သင်းတို့ဟာ ဆီမီးဖိုင်နယ်အဖြစ် ယှဉ်ပြိုင်ကြရမှာပါ။

ဒီပြိုင်ပွဲရဲ့ အုပ်စု A မှာ အိမ်ရှင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ တီမော၊ အုပ်စု B မှာတော့ ဗီယက်နမ်၊ မလေးရှားနဲ့ စင်ကာပူတို့ ကျရောက်နေပြီး ပြိုင်ပွဲကို ဇူလိုင် ၅ ရက်ကနေ ၁၅ ရက်အထိ ကျင်းပသွားမှာပါ။ 

မြန်မာအသင်းဟာ အာဆီယံအမျိုးသမီးယူ-၁၉ ပြိုင်ပွဲမှာ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ၂၀၁၄ ခုနှစ်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ တတိယနေရာ ရရှိခဲ့တာ ဖြစ်ပါတယ်။