CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၁

မြန်မာအမျိုးသမီး အသင်းနည်းပြ ယူကီတက်ဆူရိုက ထိုင်းအသင်းက တောင့်တင်းတဲ့ အသင်းကောင်းဖြစ်ပြီး အင်အားကြီးလို့ အကောင်းဆုံး ပြင်ဆင်သွားမယ်လို့ ဆီးဂိမ်းစ် ဆီမီးဖိုင်နယ်ပွဲအတွက် ပြုလုပ်တဲ့ ပွဲကြိုသတင်း စာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ယူကီတက်ဆူရိုက "ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့လို ဝမ်းသာပါတယ်။ အုပ်စုအဆင့်မှာ ပြိုင်ဘက် ကောင်းတွေနဲ့ ယှဉ်ပြိုင်လာရပြီး အခုလို‌ နောက်တစ်ဆင့် တက်ရောက်လာခဲ့တာပါ။ ထိုင်းက တောင့်တင်းတဲ့ အသင်းကောင်း တစ်သင်းဖြစ်ပြီး အင်အားကြီး ပါတယ်။ ပြိုင်ဘက်ကို လေးလေးစားစားနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဒီပွဲအတွက် အကောင်းဆုံး ပြင်ဆင်သွားပါမယ်"လို့ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။

မြန်မာအသင်းဟာ ဆီးဂိမ်းစ်အုပ်စု A မှာ ဒုတိယရခဲ့လို့ အုပ်စု B က ပထမရတဲ့ ထိုင်းအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်း အဖွဲ့ကိုတွေ့ရစဉ်

နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ် တစ်ပွဲအဖြစ် ဗီယက်နမ်နဲ့ အိမ်ရှင် ကမ္ဘောဒီးယားတို့ ယှဉ်ပြိုင်ရမှာပါ။ မြန်မာ အသင်း ခေါင်းဆောင် ခင်မာလာထွန်းကလည်း ဆီမီးဖိုင်နယ်ပွဲစဉ်ကို အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ ပြောခဲ့ပါတယ်။

ခင်မာလာထွန်းက “ထိုင်းအသင်းက အာဆီယံမှာ အင်အားကြီး အသင်းတစ်သင်းပါ။ ထိုင်းအသင်းရဲ့ ပွဲစဉ်တွေကို လည်း ကြည့်ဖြစ်ပါတယ်။ အသင်းသားတွေ၊ နည်းပြ အဖွဲ့ဝင်တွေနဲ့အတူ ဆီမီးဖိုင်နယ်ပွဲစဉ်ကို အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ”လို့ ပြောခဲ့တာပါ။

မြန်မာနဲ့ ထိုင်းအသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို မေလ ၁၂ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ဖနွမ်းပင်ရှိ RCAF Old ကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။