CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၁

ဘိုင်ယန်မြူးနစ်အသင်း စီအီးအို အိုလီဗာခန်းက အသင်းအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက ဟာလန်းကို ခေါ်ယူနိုင်ဖို့ အတွက် အရာအားလုံး ကြိုးစားခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

အိုလီဗာခန်းက “လွန်ခဲ့တဲ့တစ်နှစ်က ဟာလန်းကို ခေါ်ယူနိုင်ဖို့အတွက် အရာအားလုံး ကြိုးစားခဲ့ပြီး ကျနော်တို့ရဲ့ ဘဏ္ဍာရေး ကန့်သတ်ချက်ကိုတောင် ရောက်သွားခဲ့ပါတယ်။ ကျနော်တို့ ဆုံးဖြတ်ရမှာက ကျနော်တို့ရဲ့ လုပ်ခလစာ ဖွဲ့စည်းတဲ့ ပုံစံကို ချိုးဖောက်ချင်တာလား ဆိုပြီးတော့ပေါ့။ အဲဒီအတွက် ကျနော်တို့ဘက်က အဆင်သင့် မဖြစ်ခဲ့ပါ ဘူး။ ဒါက ဘိုင်ယန်ရဲ့ ပုံစံမဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒေါ့မွန်အသင်းမှာ ဟာလန်း ကစားနေတဲ့ ပြီးခဲ့တဲ့ရာသီက ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ ပေမယ့် ကစားသမားကတော့ မန်စီးတီးအသင်းဆီ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၁.၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ ပါတယ်။

ဟာလန်းဟာ အင်္ဂလန်မှာ ကစားတဲ့ ပထမရာသီမှာတင် ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း ဂိုးသွင်း အများဆုံး ကစားသမားဆိုတဲ့ စံချိန် အပါအဝင် စံချိန်ပေါင်းများစွာကို တင်နိုင်ခဲ့ပါတယ်။

ဒါအပြင် အသက် ၂၂ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ မန်စီးတီးအသင်းကို တစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင် မယ့် မျှော်လင့်ချက်ကိုလည်း အသက်သွင်းပေးနေတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အနေနဲ့ ဘဏ္ဍာရေး အင်အား တောင့်တင်းမယ်ဆိုရင် ဟာလန်းကို ခေါ်ယူနိုင်မယ့် အခြေအနေဟာ ကွဲပြားသွားနိုင်တယ်လို့လည်း အိုလီဗာခန်းက ပြောခဲ့တာပါ။

မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ် ယှဉ်ပြိုင်နေစဉ်

ဘိုင်ယန်မြူးနစ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းထံ ရောင်းချခဲ့ပေမယ့် တိုက်စစ်မှူး တစ်ဦးကို အစားမထိုးနိုင်ခဲ့ပါဘူး။

ဂျာမန်ကလပ်ဟာ ပြီးခဲ့တဲ့လက နည်းပြဖြစ်သူ နာဂျယ်လ်စမန်းကို ထုတ်ပယ်ကာ ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီ အသင်းနည်းပြဟောင်း တူချယ်လ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။

တူချယ်လ်ရဲ့ လက်ထက်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်ပိုကယ်ဖလားကနေ ထွက်ခွာခဲ့ရသလို ချန်ပီယံ လိဂ် ဖလားကနေလည်း ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် ဘွန်ဒစ်လီဂါဖလားသာ ကျန်ရှိတော့တာပါ။

ဒီရာသီ ဘွန်ဒစ်လီဂါဖလား ပြိုင်ပွဲပြီးဆုံးဖို့ ၃ ပွဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒုတိယ နေရာက ဒေါ့မွန်အသင်းကို ရမှတ် ၁ မှတ်အသာနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါ တယ်။

Source: Daily Mail