CNI Sport News

 ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ဖြစ်နိုင်ဖွယ် အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်က “သူဟာ မယုံနိုင်လောက်အောင်ကို ကြီးမားတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့သူပါ။မကြာသေးခင်က ဘောလုံးလောကမှာ အမှတ်အသားပြုခံရတဲ့ ကစားသမား ကောင်းတစ်ဦးပါ။ကျနော်တို့ဟာ တခြားအရာတွေကို လုပ်ဆောင်နေတဲ့အတွက် ရော်နယ်ဒိုက အသင်းအတွက် ရွေးချယ်စရာမဟုတ်ခဲ့ပါဘူး။ဒါပေမယ့် သူ့အတွက် ခင်ဗျားတို့ ဝမ်းနည်းနေစရာမလိုပါဘူး။ သူဟာ မကြာသေးခင် နှစ်တွေမှာ ကြီးကျယ်ခမ်းနားတဲ့အရာတွေကို အောင်မြင်ခဲ့တဲ့ ဘောလုံးသမားကောင်းတစ်ဦးပါ”လို့ Sky Sports ကို ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကစားချင်တာကြောင့် နွေရာသီအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ ကြိုးစား ခဲ့တာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ ရော်နယ်ဒိုအတွက် ရွေးချယ်စရာအသင်းတွေထဲကတစ်သင်း ဖြစ်ခဲ့ ပေမယ့် ဂျာမန်ကလပ်က သူ့ကို မခေါ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။အခုဆိုရင် နွေရာသီအပြောင်းအရွှေ့ဈေးကွက် ပိတ်သွား ပြီဖြစ်တာကြောင့် ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းမှာပဲ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

ပေါ်တူဂီကစားသမားဟာ ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ၁ ပွဲသာ ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့ပြီး ကျန်တဲ့ ၄ ပွဲကတော့ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရရှိခဲ့တာပါ။ရော်နယ်ဒိုဟာ နောက်ဆုံးကစားခဲ့တဲ့ လက်စတာအသင်းနဲ့ ပွဲမှာ ၆၈ မိနစ်အရောက်မှ လူစားဝင်ခွင့်ရခဲ့ပြီး နောက်ပြန်ကန်သွင်း ချက်နဲ့ ဂိုးရရှိဖို့ နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ကတော့ ရော်နယ်ဒိုဟာ အသင်း ရဲ့ အစီအစဉ်မှာပါဝင်တယ်လို့ သတင်းစာရှင်းလင်းပွဲတိုင်းမှာ ပြောထားခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ကမှ ယူနိုက်တက်အသင်းထံ ပြန်ရောက်ရှိလာတဲ့ ရော်နယ်ဒိုနဲ့အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ဒါပေမယ့် ယူနိုက်တက်အသင်းဟာ စာချုပ်ကုန်ချိန်မှာ နောက် ထပ် တစ်နှစ်သက်တမ်းတိုးခွင့်ကို ရွေးချယ်ခွင့်ရှိနေတာပါ။ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယား လိဂ် ၃ ပွဲဆက်နိုင်ပွဲပြန်ရခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

Source:Goal