CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုအနေနဲ့ ဆော်ဒီနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေကို ဖြေရှင်းဖို့ သူ့ရဲ့ ပလက်ဖောင်းကို အသုံးပြုသင့်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Amnesty International က ပြောပါတယ်။

Amnesty ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ သုတေသီ ဒါနာအာမတ်က “ရော်နယ်ဒိုအနေနဲ့ နိုင်ငံတွင်း လူ့အခွင့်အရေး ကိစ္စရပ်တွေကို အာရုံစိုက်ဖို့ သူ့ရဲ့ပလက်ဖောင်းကို အသုံးပြုသင့်တယ်လို့ ထင်ပါတယ်။ဆော်ဒီအာရေဗျက လူသတ်မှု၊မုဒိမ်းမှု၊မူးယစ်ဆေးဝါးမှောင်ခိုမှုတွေနဲ့ လူတွေကို သေဒဏ်ပေးပါတယ်။အများစုက မျှတမှုမရှိတဲ့ စစ်ဆေးမှုတွေနဲ့ စီရင်ခံခဲ့ရပါတယ်။အာဏာပိုင်တွေက လွတ်လပ်စွာပြောဆိုမှုတွေကိုလည်း ဖြိုခွင်းခဲ့ပါတယ်။ လူ့အခွင့်အရေးကာကွယ်တဲ့သူတွေ၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားတဲ့သူတွေနဲ့ အခြားနိုင်ငံရေး တက်ကြွတဲ့သူ တွေကို ကြီးလေးတဲ့ ထောင်ဒဏ်တွေချမှတ်တယ်” လို့ ပြောခဲ့တာပါ။

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့ တစ်နှစ်လုပ်ခ ယူရိုသန်း ၂၀၀ နဲ့ ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ကမ္ဘာ့လုပ်ခလစာ အများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်း ကစားသမားသစ်အဖြစ် မိတ်ဆက်ချိန်မှာ ဆော်ဒီနိုင်ငံကို အံသြဖွယ်ကောင်းတဲ့နိုင်ငံလို့ ပြောခဲ့တာပါ။Amnesty ကတော့ ရော်နယ်ဒိုကို ခေါ်ယူမှုဟာ အားကစားဆေးကြောခြင်းရဲ့ ကြီးမားတဲ့ အစိတ် အပိုင်းလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒါနာအာမတ်က “ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ ကျော်ကြားမှုအဆင့်အတန်းကို ဆော်ဒီနိုင်ငံရဲ့ အားကစား ဆေးကြော ခြင်း ကိရိယာတစ်ခုအဖြစ် ခွင့်ပြုမခံသင့်ပါဘူး။သူ့အနေနဲ့ နိုင်ငံတွင်း လူ့အခွင့်အရေး ကိစ္စရပ်အများအပြားကို ထုတ်ဖော်ပြောဆိုဖို့အတွက် အယ်လ်နာဆာမှာရှိနေတဲ့ သူ့အချိန်တွေကို အသုံးပြုသင့်ပါတယ်”လို့ ပြောခဲ့တာပါ။

ဆော်ဒီနိုင်ငံဟာ ဂေါ့ဖ်စီးရီးပြိုင်ပွဲ၊ လက်ဝှေ့ပွဲတွေနဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲစတဲ့ အားကစားပွဲတွေကို လက်ခံကျင်းပ နိုင်ဖို့အတွက် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။ဒါ့အပြင် ၂၀၂၁ က နယူးကာဆယ်အသင်းကို ဝယ်ယူတာမှာလည်း ကြီးမားတဲ့နောက်ခံအဖြစ် ရှိခဲ့တာပါ။ဆော်ဒီနိုင်ငံဟာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်လက်ထက်မှာ အမျိုးသမီးတွေကို ကားမောင်းခွင့်ကို ပြန်လည်ခွင့်ပြုတာအပါအဝင် ပြုပြင် ပြောင်းလဲမှုအချို့ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဆော်ဒီနိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စွပ်စွဲခံထားရပြီး အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ တွေကို ထောင်ချခဲ့တာမျိုးလည်း ပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင် အိမ်ရှေ့မင်းသားက သတင်းထောက် ခါရှိုဂီကို ၂၀၁၈ က သတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပေမယ့် သူကတော့ ငြင်းဆန်ထားတာပါတယ်။

Source:BBC