CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၀

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ မြန်မာအသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ပွဲမှာ မြန်မာအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲရဲ့ ပထမပိုင်းမှာ ဖိလစ်ပိုင်အသင်းက မြန်မာအသင်းကို အနည်းငယ် ဖိပြီး ကစားနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက် ကန်သွင်းမှုတွေ မရှိတဲ့အတွက် ဂိုးမရှိ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မြန်မာအသင်းက အနိုင်ဂိုး ရယူနိုင်ဖို့ တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပွဲချိန် ၅၅ မိနစ်မှာ သွင်းဂိုး ရရှိခဲ့ပါတယ်။

ဟိန်းထက်အောင်ရဲ့ ပြစ်ဒဏ်ဘော ကန်ချက်ကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဂိုးဧရိယာထဲမှာ အသင့်ရှိနေတဲ့ သက်ဟိန်းစိုးက အမှားအယွင်းမရှိ အဆုံးသတ်ခဲ့တာပါ။

သွင်းဂိုးရပြီးချိန်မှာ မြန်မာအသင်းဟာ ထိန်းကစားနေတာကြောင့် ဖိလစ်ပိုင်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ဖျက်ထုတ်နေရပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာ ဖိလစ်ပိုင်အသင်း တိုက်စစ်ဆင်မှုကို ဖျက်ထုတ်ရင်း မြန်မာကစားသမား အနီကတ်နဲ့ ထုတ်ပယ်ခံ ခဲ့ရပါတယ်။

မြန်မာအသင်းဟာ တစ်ယောက်လျော့နဲ့ ဂိုး ပြန်မပေးရအောင် ကစားခဲ့လို့ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး အုပ်စုဒုတိယနဲ့ ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။

အုပ်စုတွင်း နောက်ပွဲမှာတော့ အင်ဒိုနီးရှားအသင်းက ကမ္ဘောဒီးယားအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး အုပ်စု ပထမနဲ့ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပါတယ်။