CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၅

ဆီးဂိမ်းစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်နဲ့ မြန်မာအသင်းတို့ ကစားခဲ့တာမှာ ဗီယက်နမ် အသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပွဲစတင်ကတည်းက နှစ်သင်းစလုံးဟာ ဂိုးရဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ကြပြီး ပွဲချိန် ၁၂ မိနစ်မှာ ဗီယက်နမ် အသင်း က စတင် ရရှိသွားခဲ့ပါတယ်။

မြန်မာအသင်းဟာ ဦးဆောင်ဂိုး ပေးရပြီးနောက် ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းပုံတွေ ကြောင့် ပထမပိုင်းအပြီးမှာ ဗီယက်နမ်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မြန်မာအသင်းက ချေပဂိုးရဖို့ ဆက်တိုက်ဆိုသလို တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ဗီယက်နမ် အသင်းက ရံဖန်ရံခါသာ တိုက်စစ်ဆင်ကာ ခံစစ်ကို အားပြု ကစားလာခဲ့ပါတယ်။

မြန်မာအသင်းဟာ ဂိုးရလိုချင်စိတ် များနေတဲ့အတွက် ဂိုးရဖို့ ခက်ခဲနေတာကိုလည်း မြင်တွေ့ခဲ့ရတာပါ။

ပွဲချိန် ၇၅ မိနစ်မှာတော့ ဗီယက်နမ်အသင်းက ဂိုးဧရိယာ အတွင်းကနေ လှပတဲ့ ကန်သွင်းချက်နဲ့ ဒုတိယဂိုးကို သွင်းယူ သွားခဲ့ပါတယ်။

မြန်မာအသင်းဟာ ဦးဆောင်ဂိုး ၂ ဂိုး ခွင့်ပြုခဲ့ရတာကြောင့် အနည်းငယ် ကစားအားကျသွားခဲ့ပြီး ဗီယက်နမ် အသင်းက ပြန်ပြီး ထိုးဖောက် တိုက်စစ်ဆင်လာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်တော့လို့ ဗီယက်နမ်အသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရကာ ရွှေတံဆိပ် ရယူနိုင်ခဲ့ပြီး မြန်မာအသင်းကတော့ ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

မြန်မာအသင်းဟာ ဗီယက်နမ်အသင်းကို အုပ်စုတွင်းမှာလည်း အရေးနိမ့်ခဲ့သလို အခု ဗိုလ်လုပွဲမှာလည်း ထပ်ပြီး အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။