CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀ 

သမိုင်းဝင် ဆုဖလား ၃ လုံး ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ မန်စီးတီးအသင်းဟာ အင်တာမီလန်အသင်းနဲ့ ချန်ပီယံ လိဂ် ဗိုလ်လုပွဲအတွက် အဆင်သင့် ဖြစ်ပေမယ့် ပြိုင်ဘက်အသင်းကို လျှော့တွက်သွားမှာ မဟုတ်ဘူးလို့ နည်းပြ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက်ဆိုရင် မှန်ကန်တဲ့ အရာတွေနဲ့ ဆန္ဒတွေ ရှိနေရပါမယ်။ စွဲလမ်း တဲ့ အရာဆိုတာ အပြုသဘောဆောင်တဲ့ စကားပါ။ ကျနော်တို့ဟာ အဆင်သင့် ဖြစ်နေတယ်လို့ ခံစားရပြီး၊ ဒါဟာ လုံးဝ အိပ်မက်တစ်ခုပါပဲ။ ဒါက ဘယ်လောက် အရေးကြီးလဲဆိုတာ ကျနော်တို့ သိပါတယ်။ ဗိုလ်လုပွဲတွေမှာ တည်ငြိမ် နေရပါမယ်။ အင်တာမီလန်ဟာ သမိုင်းကြောင်းအရ ကျနော်တို့ထက် ပိုပြီးကြီးမားပါတယ်။ အရေးကြီး တာက တတ်နိုင်သမျှ အကောင်းဆုံး စွမ်းဆောင်ပြီး ဒါက ခြားနားမှုကို ဖြစ်စေနိုင်ပါတယ်”လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ရောက်ရှိခဲ့တာဖြစ်ပြီး ပထမအကြိမ် ကစားခဲ့တဲ့ ၂၀၂၁ က ချယ်လ်ဆီးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

အခုတစ်ကြိမ်မှာတော့ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ဖို့ စိတ်အား ထက်သန်နေပြီး တစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်မယ့် အခွင့်အရေးကလည်း နီးစပ်နေတာပါ။

မန်စီးတီးအသင်း ကွင်းလယ်လူ ဒီဘရိုင်းကလည်း သူတို့ဟာ ချန်ပီယံလိဂ်ဖလားကို ရယူပြီး ဒီအခန်းကို ပိတ်ပစ်ဖို့ အခွင့်အရေး ရှိတယ်လို့ ပြောခဲ့ပါတယ်။

မန်စီးတီးတိုက်စစ်မှူး ဟာလန်းကိုတွေ့ရစဉ်

ဒီဘရိုင်းက “ကျနော်ဟာ ဒီမှာရှိနေတာ ၈ နှစ်လောက် ရှိပြီဖြစ်ပေမယ့် ချန်ပီယံလိဂ်ဖလားကို မရရှိသေးပါဘူး။ ဒါ က လူတွေကိုပေးနိုင်တဲ့ တစ်ခုတည်းသော သတိပေးချက်ပါ။ ကျနော်တို့ဟာ တသမတ်တည်း ရှိနေပေမယ့် ဒီဖလားကို ရယူနိုင်ဖို့အတွက် နည်းလမ်းတွေ ရှာဖွေဖို့ လိုအပ်ပါတယ်။ ဒီလိုသာ လုပ်နိုင်ခဲ့ရင် ကစားသမားနဲ့ ကလပ်အသင်းအတွက် ကြီးကြီးမားမား ဖြစ်သွားမှာပါ။ ကျနော်တို့ကသာ လုံလောက်တယ်ဆိုရင် ဒီအခန်းကို ပိတ်ပစ်ဖို့ အခွင့်အရေးရှိတယ်”လို့ ပြောခဲ့ပါတယ်။

မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချန်ပီယံလိဂ်သီချင်းကို လှောင်ပြောင်မှုတွေ မပြုလုပ်ဖို့ကိုလည်း အသင်းပရိသတ်တွေကို ပြောသွားခဲ့ပါတယ်။ 

မန်စီးတီး ပရိသတ်တွေဟာ ယူအီးအက်ဖ်အေကို ဆန့်ကျင်တဲ့ အနေနဲ့ ချန်ပီယံလိဂ် သီချင်းကို ပွဲစဉ်တွေမှာ လှောင်ပြောင်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။

မန်စီးတီးအသင်းနဲ့ အင်တာမီလန် အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဇွန်လ ၁၁ ရက် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ ယှဉ်ပြိုင်သွားဖို့ ရှိပါတယ်။

Source: Daily Mail