CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀

ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေပေမယ့် အသင်းခေါင်းဆောင် မက်ဂွဲယားကတော့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

မက်ဂွဲယားဟာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ ပထမဆုံးရာသီမှာ ပွဲထွက်ခွင့်ရဖို့ ခက်ခဲခဲ့ပြီး ပွဲအများစုကို အရန် ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရတာပါ။ အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းမှာ ဗာရန်းနဲ့ လီဆန်ဒရိုမာတီး နတ်ဇ်ကိုသာ ဦးစားပေးဗဟိုနောက်ခံလူအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီကစားသမား ၂ ဦးထဲက ၁ ဦးဒဏ်ရာ ရချိန်မှာလည်း ဒတ်ချ်လူမျိုးနည်းပြဟာ မက်ဂွဲယားထက် လင်ဒီလော့ဖ်နဲ့ လုပ်ခ်ရှောတို့ကိုသာ ဗဟိုနောက်ခံလူ အဖြစ် တွဲဖက်အသုံးပြုခဲ့တာပါ။

အသက် ၃၀ အရွယ်ရှိ အင်္ဂလန်နောက်ခံလူဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၆ ပွဲသာ ကစားခဲ့ရပြီး အဲဒီထဲက ၈ ပွဲကိုသာ ပွဲအစကတည်းက ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ မက်ဂွဲယားဟာ ဒီအခြေအနေကို စိတ်ပျက်နေသလို ယူနိုက်တက်ကလည်း သူ့ကိုရောင်းချဖို့ လမ်းဖွင့်ထားတာပါ။ မက်ဂွဲယားကို ခေါ်ယူဖို့ စပါးအသင်းက စိတ်ဝင်စား နေတာကြောင့် ယူနိုက်တက်အသင်းဟာ သူ့ကို ရောင်းချပြီးရတဲ့ ပြောင်းရွှေ့ကြေးနဲ့ နာပိုလီနောက်ခံလူ ကင်မင် ဂျေးကို ခေါ်ယူဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် talkSPORT က မက်ဂွဲယားဟာ ယူနိုက်တက်မှာ ဆက်ပြီးရှိဖို့ စိတ်အားထက်သန်နေပြီး နေရာရဖို့ အတွက် တိုက်ပွဲဝင်ချင်နေတယ်လို့ ဖော်ပြခဲ့တာပါ။ မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ မက်ဂွဲယား ဟာ အခု နွေရာသီမှာ အသင်းက ထွက်ခွာခဲ့မယ်ဆိုရင် ယူနိုက်တက်အသင်းက ပေါင် ၁၀ သန်းပေးချေမယ်လို့ သိရပါတယ်။ မက်ဂွဲယားဟာ ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်မရပေမယ့် အင်္ဂလန်အသင်းလူစာရင်းမှာ ပုံမှန် ပါဝင်ခွင့်ရနေတာပါ။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ မက်ဂွဲယားအနေနဲ့ ကလပ်အသင်းမှာ ပုံမှန်ကစားခွင့်မရရင် လက်ရွေးစင် အသင်းရဲ့ အနာဂတ်ကိုပါ ထိခိုက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က မက်ဂွဲယားအနေနဲ့ သူ့အနာဂတ်ကို သူ့ဘာသာဆုံးဖြတ်ရမယ်လို့ ပြောထားပါတယ်။

၂၀၁၉ က လက်စတာအသင်းကနေ ပေါင်သန်း ၈၀ နဲ့ ရောက်ရှိလာတဲ့ မက်ဂွဲယားဟာ ယူနိုက်တက်အသင်း အတွက် ပွဲပေါင်း ၁၇၅ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူထားပါတယ်။

Source:Metro