CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁

ယူနိုက်တက်နောက်ခံလူဟောင်း ဖီးလ်နဗီးလ်ဟာ ကနေဒါအမျိုးသားလက်ရွေးစင်အသင်းရဲ့ လက်ထောက် နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

အသက် ၄၆ နှစ်အရွယ်ရှိ ဖီးလ်နဗီးလ်ဟာ ဇွန်လ ၁ ရက်ကမှ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံထားရတာပါ။ အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးနေပြီး အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေတာကြောင့် ဖီးလ်နဗီးလ်ကို ရာထူးကနေ ထုတ်ပယ် ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖီးလ်နဗီးလ်ဟာ ရက်ပိုင်းအကြာမှာ ကနေဒါအသင်းရဲ့ နည်းပြအဖွဲ့ဝင် ဖြစ်လာ ခဲ့တာပါ။

ဖီးလ်နဗီးလ်နဲ့အတူ ကိုဗင်ထရီနောက်ခံလူဟောင်း ရစ်ချတ်ရှောကလည်း ကနေဒါအသင်းရဲ့ နည်းပြအဖွဲ့ဝင်ထဲမှာ ပါဝင်လာခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အမြင့်ဆုံးအဆင့်မှာ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ သူတို့ရဲ့ အတွေ့အကြုံ တွေကို လက်ရွေးစင်အသင်းထံ ယူဆောင်လာမှာပါလို့ ကနေဒါနည်းပြ ဂျွန်ဟာဒ့်မန်းက ပြောခဲ့ပါတယ်။

ယူနိုက်တက်အကယ်ဒမီထွက် ဖီးလ်နဗီးလ်ဟာ ၂၀၁၃ မှာ ကစားသမားဘဝကနေ အနားယူပြီးနောက် ယူနိုက်တက်၊ဗလင်စီယာအသင်းတွေမှာ လက်ထောက်နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာပါ။ အဲ့ဒီနောက် အင်္ဂလန်လက်ရွေးစင်အမျိုးသမီးအသင်းကို ၂၀၁၈ ကနေ ၂၀၂၁ အထိကိုင်တွယ်ခဲ့တဲ့ ဖီးလ်နဗီးလ်ဟာ ၂၀၁၉ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္တနေရာရရှိအောင် ဦးဆောင်နိုင်ခဲ့ပါတယ်။ 

 

အသက် ၄၆ နှစ်အရွယ်ရှိ ဖီးလ်နဗီးလ်ဟာ ၂၀၂၁ မှာ ယူနိုက်တက်အသင်းဖော်ဟောင်း ဒေးဗစ်ဘက်ခမ်း ပူးတွဲ ပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းကို ကိုင်တွယ်ခဲ့ပြီး အသင်းဟာ အခုနှစ်ရာသီ နောက်ဆုံးကစားခဲ့တဲ့ ၁၃ ပွဲမှာ ၁၀ ပွဲအထိရှုံးနိမ့်ခဲ့တာပါ။ အဲဒါကြောင့် အင်တာမိုင်ယာမီနည်းပြဘဝကို အဆုံးသတ်ပြီး ကနေဒါအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူရတော့မှာဖြစ်ပါတယ်။

ကနေဒါအသင်းဟာ ဇွန်လ ၁၅ ရက်မှာ ကွန်ကာကပ်ဖ်နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ပနားမားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိုင်ရခဲ့ရင် ဇွန်လ ၁၈ ရက်မှာ အမေရိကန်နဲ့ မက္ကဆီကိုတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။

Source:BBC