CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၃

ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က အခုနှစ်ကမ္ဘာ့ဖလားချန်ပီယံဆုကို မက်ဆီကိုင်မြှောက်နိုင်မှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

အီဘရာဟီမိုဗစ်က “ဘယ်သူအနိုင်ရမလဲဆိုတာ ရေးထားပြီးသားလို့ ကျနော်ထင်ပါတယ်။ ကျနော် ဘယ်သူ့ကို ဆိုလိုလဲဆိုတာ ခင်ဗျားတို့ သိမှာပါ။မက်ဆီက ဒီဆုဖလားကို ကိုင်မြှောက်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။ဒါကို ရေးထားပြီးသားပါ” လို့ ဒူဘိုင်းမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

အာဂျင်တီးနားနဲ့ ခရိုအေးရှားအသင်းတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး မက်ဆီဟာ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။အခုနှစ် ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ နာမည်ကြီးအသင်းတွေဖြစ်တဲ့ ဘရာဇီးလ်၊ ပေါ်တူဂီ၊ စပိန်နဲ့ ဂျာမနီတို့ဟာ ထွက်ခွာခဲ့ရပြီးဖြစ်လို့ အာဂျင်တီးနားအသင်းဟာ ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ဖို့ ရေပန်းစားနေ တာပါ။

မက်ဆီကလည်း သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်တဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆုဖလားကိုင်မြှောက်ပြီး အဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။မက်ဆီနဲ့အတူ ဘာစီလိုနာအသင်းမှာ တွဲဖက်ကစားခဲ့တဲ့ အီဘရာဟီမိုဗစ်ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်မယ်လို့ ယုံကြည်နေခဲ့တာပါ။ အီဘရာဟီမိုဗစ်ဟာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို အာဖရိကအသင်းအနေနဲ့ ပထမဆုံးအကြိမ်တက်နိုင်ခဲ့တဲ့ မော်ရိုကိုအသင်းနဲ့ ပတ်သက်ပြီးတော့လည်း ပြောခဲ့ပါတယ်။

အီဘရာဟီမိုဗစ်က “ကမ္ဘာ့ဖလားမတိုင်ခင်မှာ သူတို့ကောင်းမွန်ကြောင်း သိထားတဲ့အတွက် အံသြစရာလို့ မထင်ပါဘူး။ကမ္ဘာ့ဖလားမှာ အရာအားလုံးဖြစ်နိုင်ပါတယ်။သူတို့တွေ ဆီမီးဖိုင်နယ်ရောက်တာတော့ အနည်းငယ် အံသြမိပါတယ်။ဒါပေမယ့်လည်း သူတို့ဟာ အသင်းကောင်း၊ နိုင်ငံကောင်းဖြစ်တယ်ဆိုတာကို သတိရပါတယ်။ ဒီလို အံအားသင့်စရာတွေကို လူတွေက ကြိုက်ကြမယ်လို့ထင်ပါတယ်” လို့ ပြောခဲ့တာပါ။

မော်ရိုကိုအသင်းဟာ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးပွဲမရှိ ပေးဂိုး ၁ ဂိုးသာ ပေးထားရပြီး ဆီမီးဖိုင်နယ်မှာ လက်ရှိချန်ပီယံ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ChannlNewsAsia