CNI International News
မော်စကို၊ ဩဂုတ် ၁၃
ရုရှားနှင့် ဘယ်လာရုစ် စစ်တပ်များသည် စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်ကြား ဘယ်လာရုစ်နိုင်ငံတွင် မဟာဗျူဟာမြောက် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ဘယ်လာရုစ် ကာကွယ်ရေး ဝန်ကြီးဌာနက ဩဂုတ် ၁၂ ရက်၌ ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ ရုရှားနှင့် ဘယ်လာရုစ်တို့၏ စွမ်းဆောင်ရည်များကို စမ်းသပ်ရန်၊ Union State ဟုခေါ်သည့် ရုရှားနှင့် ဘယ်လာရုစ် ပေါင်းစည်းနိုင်ငံတော်၏ စစ်ရေးလုံခြုံရေးကို စိတ်ချသေချာစေရန်၊ ပြည်ပ၏ ရန်လိုမှုများကို တွန်းလှန်ရာတွင် မိမိတို့၏ အသင့် အနေအထားရှိမှုကို စိတ်ချသေချာစေရန်ဖြစ်ကြောင်း ဘယ်လာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ် ဗလာရီ ရီဗန်ကို (Valery Revenko) ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။
ပေါင်းစည်းနိုင်ငံတော် (Union State) သည် ယခင် ဆိုဗီယက်ယူနီယံအဖွဲ့ဝင် နိုင်ငံဟောင်းများကြား နယ်စပ်ဒေသ ကန့်သတ်မှု မရှိသည့် မဟာမိတ်အဖွဲ့ဖြစ်ပြီး ရုရှားနှင့် ဘယ်လာရုစ်တို့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) ကလည်း ရုရှားသည် ဘယ်လာရုစ်တွင် စစ်ရေး လေ့ကျင့် မှုကို အကြောင်းပြပြီး တစ်စုံတစ်ရာ ပြင်ဆင်နေသည်ဟု ယခုနှစ် အစောပိုင်းက ပြောကြားခဲ့သည်။
ဘယ်လာရုစ်နဲ့ ရုရှား သမ္မတ ၂ ဦးကို တွေ့ရစဉ်
သို့သော် အသေးစိတ် အချက်အလက်များနှင့် သက်သေ အထောက်အထားများကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko) သည် ပြီးခဲ့သည့် သီတင်းပတ်က Times မဂ္ဂဇင်းနှင့် အင်တာဗျူး ပြုလုပ်ချိန်က စစ်ရေးလေ့ကျင့်မှုများအား ဘယ်လာရုစ်နိုင်ငံ အနောက်ဘက် ဥရောပသမဂ္ဂနိုင်ငံများ၏ နယ်စပ်ဒေသနှင့် ဝေးကွာသည့် နေရာတွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘယ်လာရုစ်-ရုရှား စစ်ရေးလေ့ကျင့်မှုများကို အကြောင်းပြပြီး အိမ်နီးချင်း နေတိုးအဖွဲ့ဝင် နိုင်ငံများကလည်း ပိုလန်တွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်နေသည်ဟုလည်း ရီဗန်ကိုက ပြောကြားခဲ့သည်။
ရုရှား၏ အရင်းနှီးဆုံး မဟာမိတ်ဖြစ်သည် ဘယ်လာရုစ်သည် ယူကရိန်းစစ်ပွဲအတွင်း ဘယ်လာရုစ်နိုင်ငံ၏ နယ်နိမိတ်များကို ရုရှားစစ်တပ်အား အသုံးပြုခွင့် ပေးခဲ့သဖြင့် ယူကရိန်း၊ အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တင်းမာမှုများ မြင့်တက်ခဲ့သည်။
Source: ရိုက်တာ