CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၃

ဒဏ်ရာကြောင့် အခုနှစ်ရာသီ ပြင်သစ်အိုးပန်းပြိုင်ပွဲကို မပါဝင်နိုင်ခဲ့တဲ့ လက်ရှိချန်ပီယံ နာဒယ်လ်ဟာ တင်ပါးဆုံကြွက်သား ခွဲစိတ်မှုခံယူနေရတယ်လို့ ကစားသမားရဲ့ကိုယ်စားလှယ်တွေက ပြောခဲ့ပါတယ်။

ဂရမ်းဆလမ်းချန်ပီယံဆုကို ၂၂ ကြိမ်ရရှိထားပြီး အအောင်မြင်ဆုံး အမျိုးသားတင်းနစ်ကစားသမားအဖြစ် ဂျိုကိုဗစ်နဲ့ ပူးတွဲရပ်တည်နေတဲ့ နာဒယ်လ်ဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုကို စံချိန်တင် ၁၄ ကြိမ်ရရှိထားတာပါ။ နာဒယ်လ်ဟာ ပြီးခဲ့တဲ့ သြစတြေးလျအိုးပန်းပြိုင်ပွဲရဲ့ ဒုတိယအဆင့်မှာ တင်ပါးဆုံရိုး နာကျင်ခဲ့မှုကြောင့် ဇန်နဝါရီလကတည်းက အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။

နာဒယ်လ်ရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ ဘန်နီတိုက ကစားသမားရဲ့ ခွဲစိတ်မှုရလဒ်ကို စနေနေ့မှာ ထွက်ပေါ် လာဖို့ မျှော်လင့်ထားတယ်လို့ ပြောထားပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နာဒယ်လ်က ၂၀၂၄ ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ နောက်ဆုံးနှစ်ဖြစ်လာနိုင်တယ်လို့ ပြောထားတာပါ။

 

နာဒယ်လ်ဟာ ဒဏ်ရာကြောင့် အခုနှစ်ရာသီ အစောပိုင်းပွဲစဉ်တွေဖြစ်တဲ့ အင်ဒီးယန်းဝဲလ်စ်၊ မိုင်ယာမီ၊ မွန်တီကာလိုနဲ့ ဘာစီလိုနာပွဲတွေကို မပါဝင်နိုင်ခဲ့သလို ဒဏ်ရာကြောင့် ၈ ပတ်ကြာအထိ အနားယူ ရနိုင် တယ်လို့ ကနဦးဖော်ပြချက်အရ သိရပါတယ်။

မတ်လတုန်းက နာဒယ်လ်ဟာ ၂၀၀၅ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့အဆင့် ၁၀ ပြင်ပမှာ ရပ်တည် ခဲ့ပြီး လက်ရှိအချိန်မှာတော့ ကမ္ဘာ့အဆင့် ၁၅ နေရာမှာ ရပ်တည်နေတာပါ။ မြေစေးကွင်းဘုရင်အဖြစ် သတ်မှတ်ခံထားရတဲ့ နာဒယ်လ်ဟာ ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ အတည်ပြုပြီးနောက် လာမယ့်နှစ် သူ့ရဲ့နောက်ဆုံး ယှဉ်ပြိုင်မှုတွေမှာတော့ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့အတွက် ရည်မှန်းထားတယ်လို့ ပြောခဲ့ပါတယ်။

Source:ChannelNewsAsia