CNI Sport News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၉

အသက် ၄၁ နှစ်အရွယ်ရှိ ပေါ်တူဂီဝါရင့်နောက်ခံလူ ပီပီဟာ ဘောလုံးသမားဘဝက အနားယူပြီလို့ ကြေညာ ခဲ့ပါတယ်။

ပီပီဟာ သူ့ရဲ့ကစားသမားဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားခဲ့တာပါ။ 

ပီပီဟာ ယူရိုပြိုင်ပွဲရဲ့ အသက်အကြီးဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားတာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းအတွက် ၁၄၁ ပွဲ ပါဝင်ကစားခဲ့တဲ့ ပီပီဟာ ပေါ်တို၊ရီးရယ်လ်၊ဘက်ဆီးတပ်စ်အသင်းတွေမှာလည်း ကစားခဲ့တာပါ။ 

ပီပီဟာ ပေါ်တူဂီအသင်းနဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ချန်ပီယံဆုကိုရယူနိုင်ခဲ့ပြီး ၁၀ နှစ်ကြာကစားခဲ့တဲ့ ရီးရယ်လ် အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှုအများအပြားရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီပီဟာ ဘောလုံးသမားဘဝက အနားယူကြောင်းကြေညာခဲ့တဲ့ ဗွီဒီယိုမှာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံး ကူညီပေးခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့တာပါ။ 

ပီပီဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပေါ်တိုအသင်းအတွက် ဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အသက်အကြီးဆုံးဂိုးသွင်းတဲ့သူလည်းဖြစ်ခဲ့ပါတယ်။ 

ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ပွဲပေါင်း ၉၀၀ နီးပါး ကစားခဲ့တဲ့ ပီပီဟာ အနီကတ်အများအပြား ပြသခံခဲ့ရပြီး စည်းကမ်းပိုင်းဆိုးရွားတဲ့သူအဖြစ်လည်း နာမည်ကြီး ခဲ့တာပါ။ 

ပီပီရဲ့ ရီးရယ်လ်နဲ့ ပေါ်တူဂီအသင်းဖော်ဟောင်း ရော်နယ်ဒိုက ပီပီဟာ သူ့အတွက် အဓိပ္ပါယ် အများကြီး ရှိတယ်ဆိုတာ ဖော်ပြဖို့ စကားလုံးမရှိဘူးလို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ 

ပီပီနဲ့ ရော်နယ်ဒိုတို့ဟာ နိုင်ငံအသင်းမှာရော ကလပ်အသင်းမှာပါ နှစ်ပေါင်းများစွာကြာအတူတွဲကစားခဲ့ပြီး ညီအစ်ကိုဖြစ်နေခဲ့တာပါ။ ပီပီဟာ ပြီးခဲ့တဲ့ရာသီအကုန်က ပေါ်တိုအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အသင်း အချို့နဲ့ သတင်းတွေထွက်ခဲ့ပေမယ့် ဘောလုံးသမားဘဝက အနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

Source:BBC