CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁

အသက် ၃၂ နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူသွားခဲ့တဲ့ ရီးရယ်လ်နဲ့ ချယ်လ်ဆီး ကစားသမားဟောင်း ဟာဇက်က ဘောလုံးကစားတာကို မလွမ်းဘူးလို့ ဘောလွန်းဒီအော ဆုပေးပွဲ အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

ဟာဇက်က “မိသားစု၊ ကလေးတွေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ်။ ကျနော် လုပ်ချင်တာကို လုပ် နိုင်ပါပြီး။ တကယ်ကို ပြီးပြည့်စုံတဲ့ဘဝပါပဲ။ လက်ရှိအချိန်မှာ ဘောလုံးကစားတာကို ကျနော်မလွမ်းပါဘူး။ ကျနော့် ကလေးတွေက ဘောလွန်းဒီအောဆုပေးပွဲကို သွားဖို့တောင်းဆိုတာကြောင့် ဒီကိုလာခဲ့တာ”လို့ ပြောခဲ့ပါတယ်။

ဘယ်လ်ဂျီယံ ကစားသမားဟောင်းဟာ ၂၀၂၃ ဘောလွန်းဒီအောဆုပေးပွဲမှာ ရီးရယ်လ်ကွင်းလယ် ကစားသမား ဘယ်လင်ဂမ်ကို Kopa Trophy ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

 အသက် ၃၂ နှစ်အရွယ်ရှိ ဟာဇက်ဟာ ရီးရယ်လ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ၄ လအကြာ အောက်တိုဘာ လ အစောပိုင်းက ပရော်ဖက်ရှင်နယ် ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့ပါတယ်။

ဟာဇက်ကို တွေ့ရစဉ်

ဟာဇက်ဟာ ဘောလုံးကစားရတာ မပျော်ရွှင်တော့တဲ့အတွက် အနားယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မကြာသေးခင်က ပြောထားခဲ့ပါတယ်။

ဟာဇက်ဟာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းမှာ ကစားချိန် ၂၀၁၅ ဘောလွန်းဒီအောဆု ပေးပွဲရဲ့ နံပါတ် ၈ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

ဒါဟာ သူ့အတွက် အမြင့်ဆုံးအဆင့် ရပ်တည်မှု ဖြစ်ခဲ့ပါတယ်။ ဟာဇက်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ မှာ လိုင်လီ၊ ချယ်လ်ဆီးနဲ့ ရီးရယ်လ်အသင်းတွေအတွက် ပွဲပေါင်း ၆၂၂ ပွဲ ကစားခဲ့ပြီး ၁၆၇ ဂိုး သွင်းယူကာ ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဟာဇက်ဟာ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနေပြီး နည်းပြလောကထဲ ဝင်ရောက် မလား၊ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်မလားဆိုတဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို မချရသေးပါဘူး။ 

Source: Goal