CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂

လီဗာပူးလ်အသင်းနည်းပြ ကလောပ့်က နာပိုလီအသင်းကို အနိုင်ရပြီးနောက် အသင်းရဲ့ အရည်အသွေးအပေါ် ဘယ်တုန်းကမှ သံသယဝင်ခဲ့ခြင်းမရှိဘူးလို့ ပြောလိုက်ပါတယ်။

ကလောပ့်က “ဒါဟာ ကျနော်မြင်ချင်ခဲ့တဲ့ တုံ့ပြန်မှုပါပဲ။ကျနော်တို့ဟာ ဒီလိုတုံ့ပြန်မှုမျိုးကို ပြသနိုင်ဖို့ အားလုံးက သဘောတူညီခဲ့ကြတာဖြစ်ပြီး အလွန်ကောင်းမွန်တဲ့ ပြိုင်ဘက်နဲ့ ခက်ခဲတဲ့ပွဲမှာ ဒါကို လုပ်ပြနိုင်ခဲ့တာပါ။ကျနော် တို့ရဲ့ အရည်အသွေးအပေါ်မှာ ဘယ်တုန်းကမှ သံသယမရှိခဲ့ပါဘူး။ဒီအရည်အသွေးကို ဘယ်သူကမှလည်း သံသယ ဖြစ်မယ်လို့ မထင်ပေမယ့် ဒါက ပြဿနာရဲ့ အစိတ်အပိုင်းပါ။ကျနော်တို့ တသမတ်တည်းဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒီပွဲထဲက ကောင်းတဲ့အရာတွေယူပြီး နောက်ပွဲအတွက် စတင်မယ်” လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ နာပိုလီအသင်းကို အိမ်ကွင်းအန်ဖီးလ်မှာ ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လိဒ်စ်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ပြီးနောက် လီဗာပူးလ်အသင်းဟာ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာပါ။လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ပုံစံကောင်းရနေတဲ့ နာပိုလီအသင်းရဲ့ ပြိုင်ပွဲစုံ ၂၁ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကိုလည်း ရပ်တန့်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ ပွဲချိန် ၈၅ မိနစ်မှာ လီဗာပူးလ်အသင်းအတွက် ဂိုးသွင်းယူပေးခဲ့တဲ့ ဆာလတ်ဟာ အသင်းဂန္တဝင် စတီဗင် ဂျရတ်ရဲ့ ဥရောပသွင်းဂိုးစံချိန်ကို လိုက်မှီသွားခဲ့တာပါ။ဂျရတ်ဟာ ဥရောပပြိုင်ပွဲမှာ ၄၁ ဂိုးသွင်းယူထားတာဖြစ်ပြီး ဒါကို ဆာလတ်က လိုက်မှီသွားခဲ့တာဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ နာပိုလီအသင်းကို အနိုင်ရခဲ့ပေမယ့် ထိပ်တိုက်တွေ့ဆုံမှု၊ ဂိုးကွာခြားချက်တို့ကြောင့် အုပ်စုတွင်း ဒုတိယနေရာနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက် နိုင်ခဲ့တာပါ။

ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းတွေရနေတဲ့ လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါး အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:DailyMail