CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂

အသက် ၅၅ နှစ်အရွယ်ရှိ ဂျပန်ကစားသမား မီအူရာဟာ ဘောလုံးသမိုင်းရဲ့ အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် စံချိန်မှတ်တမ်းတင်ခဲ့ပါတယ်။

ဂျပန်ဝါရင့် ကစားသမားဟာ ဆူဇူကာပွိုင့်ဂတ်တာစ် အသင်းအတွက် ပင်နယ်တီကနေ ဂိုးသွင်းယူပြီးနောက် ဘောလုံးသမိုင်းစာအုပ်မှာ သူ့ရဲ့ အမည်ကို ထပ်မံထည့်သွင်းခဲ့တာပါ။

မီအူရာဟာ ပင်နယ်တီကနေ ဂိုးသွင်းပြီးချိန်မှာ သမိုင်းတစ်လျှောက် အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် စံချိန် မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ မီအူရာဟာဆိုရင် အသက် ၅၅ နှစ်နဲ့ ၂၄၆ ရက်ရှိပြီဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဖြတ်သန်းတာ ၃၇ နှစ်ရှိပြီလည်း ဖြစ်ပါတယ်။

ဂျပန်စတုတ္တတန်းကလပ်မှာ ကစားနေတဲ့ မီအူရာဟာ တီမိုဟီရာကာတအသင်းနဲ့ ကစားခဲ့တဲ့ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၈၄ မိနစ်မှာ လူစားဝင်ရောက်လာပြီးနောက် မိနစ်အနည်းငယ်အကြာမှာ ရရှိတဲ့ ပင်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲခဲ့ တာ ဖြစ်ပါတယ်။

ဆူဇူကာပွိုင့်ဂတ်တာစ် အသင်းမှာ ကစားနေတဲ့ မီအူရာကိုတွေ့ရစဉ် (The Japan Times)

ဒီဂိုးဟာ မီအူရာအတွက် ၂၀၁၇ ခုနှစ်၊ မတ်လက ယိုကိုဟားမား အသင်းမှာ ကစားချိန်က သွင်းယူပြီးနောက် ပထမ ဆုံး သွင်းဂိုးလည်း ဖြစ်ခဲ့တာပါ။ ဒီပွဲမှာ ဆူဇူကာပွိုင့်စ်ဂတ်တာစ် အသင်းက ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါ တယ်။

မီအူရာဟာ ဘောလုံးသမိုင်းရဲ့ အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် တင်ရှိထားတဲ့ သူ့ရဲ့ စံချိန်ကို ချိုးဖျက်ပြီး စံချိန် သစ် တင်ခဲ့တယ်လို့ ဂျေလိဂ်ရဲ့ တရားဝင် တွစ်တာက ဖော်ပြခဲ့တာပါ။

အခုဆိုရင် မီအူရာဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ တစ်လျှောက် ပွဲပေါင်း ၇၈၀ ကစားထားခဲ့တာမှာ ၂၁၇ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။

မီအူရာဟာ ဂျပန်လက်ရွေးစင်အသင်းအတွက် ၁၉၉၀ ကနေ ၂၀၀၀ အထိ ကစားခဲ့ပြီး ၈၉ ပွဲမှာ ၅၅ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။

King Kazu လို့ လူသိများတဲ့ မီအူရာဟာ ဂျပန်ဖူဆယ် အသင်းမှာလည်း ကစားခဲ့ပြီး ကစားသမားဘဝ ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။