CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁

ကာတာနဲ့ အီကွေဒေါအသင်းတို့ ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ် ဒုတိယပိုင်းမှာ ကွင်း အတွင်းရှိ ထိုင်ခုံထောင်ပေါင်းများစွာ လွတ်နေခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းအပြီးမှာ ပရိသတ်တွေဟာ ထိုင်ခုံတွေကနေ ထွက်ခွာခဲ့ကြတာဖြစ်ပြီး ဒုတိယပိုင်းမှာပြန်ပြီး ဝင်ရောက် မလာခဲ့တာကြောင့် ထိုင်ခုံတွေအများကြီး လွတ်နေခဲ့တာပါ။ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ အီကွေဒေါအသင်းက ကာတာ အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာကြောင့် အိမ်ရှင်ပရိသတ်တွေဟာ စိတ်ပျက်ပြီး ကွင်းထဲကို ပြန်မလာ တော့တာဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ပွဲပြီးဆုံးချိန်မှာလည်း ဒီရလဒ်အတိုင်းပဲ အီကွေဒေါ အသင်းက အနိုင်ရခဲ့တာပါ။

ကာတာနဲ့ အီကွေဒေါပွဲကို လာရောက်ကြည့်ရှုသူ ပရိသတ်ပေါင်း ၆၇,၃၇၂ ဦးရေရှိကြောင်း ကြေညာခဲ့ပေမယ့် ကွင်းအတွင်းထိုင်ခုံအလွတ်တွေ အများအပြားရှိခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။အီကွေဒေါပရိသတ်တွေ ကတောာ့ အသင်းကို ဂုဏ်ပြုဖို့ ပွဲပြီးဆုံးချိန်ထိ ရှိခဲ့ကြတာပါ။အားကစားကွင်းအတွင်းမှာရှိနေတဲ့ ဘောလုံး ပွဲဝေဖန်သုံးသပ်သူ ဂယ်ရီလိုင်နီကာက “ပွဲအစမှာတော့ အပြည့်ရှိနေပုံရပါတယ်။ဒုတိယပိုင်းလည်း ရောက်ရော ထိုင်ခုံအလွတ်တွေအများကြီးပဲ”လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားကလည်း “ပွဲချိန်က တစ်နာရီကျော်ပဲရှိသေးပေမယ့် ထွက်သွားတဲ့သူ တွေက အများကြီးပါပဲ။သူတို့တွေဟာ ကွင်းထဲကို ပြန်လာတော့မှာမဟုတ်ဘူး” လို့ ပြောခဲ့တာပါ။ဒီပြိုင်ပွဲအတွက် လက်မှတ်ပေါင်း ၃ သန်းနီးပါးရောင်းချခဲ့ရပြီး ဒီထဲမှာ ကာတာနိုင်ငံကို ၃၇ ရာခိုင်နှုန်းအထိ ရောင်းချခဲ့ရတယ်လို ဖီဖာက ပြီးခဲ့တဲ့လက ပြောထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ဥရုဂွေးနဲ့ အီဂျစ်တို့ ကစားတဲ့ ပွဲချိန်အတွင်း ထိုင်ခုံတွေ ထောင်ပေါင်းများစွာလွတ်ခဲ့လို့ ဖီဖာက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရသေးတာဖြစ်ပါတယ်။

Source:Metro