CNI Sport News

၂၀၂၃ ခုနှစ်၊  သြဂုတ် ၁၁

ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် ကစားသမားတွေရဲ့ ယာယီကျောနံပါတ်စာရင်း ထုတ်ပြန်ခဲ့တာမှာ တိုက်စစ်မှူး ဂရင်းဝုဒ် မပါဝင်ခဲ့တာကို တွေ့ရပါတယ်။


ဂရင်းဝုဒ်ဟာ မုဒိမ်းမှု အပါအဝင် စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ကတည်းက ယူနိုက်တက် အသင်းရဲ့ ဆိုင်းငံ့ခြင်း ခံထားရတာပါ။ 

အသက် ၂၁ နှစ်အရွယ်ရှိ ကစားသမားဟာ အခုနှစ် ဖေဖော်ဝါရီလက စွဲချက်တင်ခံခဲ့ရတဲ့ အမှုတွေအားလုံးကနေ လွတ်မြောက်လာခဲ့ပေမယ့် အခုထိ အသင်းနဲ့ပူးပေါင်း ပါဝင်ခွင့် မရရှိသေးတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ဂရင်းဝုဒ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲ့ဒါကြောင့် ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းရဲ့ စာချုပ်ဖျက်သိမ်းခြင်း ခံရနိုင်သလို၊ အသင်းလူစာရင်းထဲ ပြန်ထည့်တာ၊ ရောင်းချတာနဲ့ အငှားချတာတွေကို ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။ 

ဂရင်းဝုဒ်ဟာ မကြာခင်ရက်ပိုင်းက လူမြင်ကွင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ပုံတွေထွက်ပေါ်လာခဲ့တာပါ။

ယူနိုက်တက်အသင်း လူစာရင်းနဲ့ ကျောနံပါတ်များကိုတွေ့ရစဉ် 

ဂရင်းဝုဒ်ကို ဖခင်ဖြစ်သူကိုယ်တိုင်က အနီးကပ် ကြီးကြပ်နေပြီး ကစားသမားဟာ ပြေးလွှားနေတာနဲ့ ဂိုးကန်သွင်း မှုတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ရာသီသစ်အတွက် ယူနိုက်အသင်း ထုတ်ပြန်တဲ့ ကစားသမားတွေရဲ့ ယာယီကျောနံပါတ် စာရင်းမှာ ဂရင်းဝုဒ်နာမည်နဲ့ ကျောနံပါတ် ပါဝင်လာခြင်း မရှိခဲ့ပါဘူး။ 

ဘောလုံးအားပေးတဲ့ ပရိသတ်တွေကတော့ ဂရင်းဝုဒ်ဟာ သူ့ရဲ့ ကစားသမားဘဝ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချပြီးပြီလို့ ယုံကြည်နေကြတာပါ။ 

ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားဟာ အင်္ဂလန်လက်ရွေးစင်ကနေ ဂျမေကာလက်ရွေးစင်အဖြစ် ပြောင်းလဲနိုင်တယ်လို့လည်း ထင်ကြေးတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဂရင်းဝုဒ်အသင်းထံ ပြန်လာမှာကို ယူနိုက်တက် အသင်းနည်းပြ အဲရစ်တန်ဟတ်နဲ့ အသင်းကြီး ကစားသမားတွေက ကြိုဆိုဖို့ ရှိနေပေမယ့် အမျိုးသမီးအသင်း၊ စပွန်ဆာတွေက မလိုလားမှာကို အသင်းဘက်က စိုးရိမ်နေတာပါ။ 

အသက် ၆ နှစ် အရွယ်ကတည်းက ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ဂရင်းဝုဒ်ဟာ အသင်းမှာ ဆက်ရှိချင်ပေမယ့် အသင်းက ဆုံးဖြတ်ချက်ချမယ့်အရာကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။

Source: The Sun