CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၂

မန်စီးတီးအသင်း ကွင်းလယ်လူ ဒီဘရိုင်းဟာ ဘန်လေအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူရမယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောလိုက်ပါတယ်။

ဂွာဒီယိုလာက “ဒီဘရိုင်းဟာ ကံမကောင်းစွာနဲ့ပဲ ဒဏ်ရာထပ်ပြီး ရရှိသွားခဲ့ပါတယ်။ ဒါက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ တူညီတဲ့နေရာ အနေအထားမှာပါပဲ။ သူဟာ ရက်သတ္တပတ် အနည်းငယ် အနားယူရတော့မှာပါ။ ကျနော် တို့ဟာ သူဖြစ်ပျက်ခဲ့တဲ့ အရာတွေအတွက် ဆရာဝန်တွေနဲ့ ဆွေးနွေးဖို့ အချိန်တန်နေပါပြီ။ ဒီဘရိုင်းဟာ အလွန် ကောင်းမွန်စွာ ပွဲကိုစတင်နိုင်ခဲ့ပေမယ့် ဒဏ်ရာပြန်ရသွားပြီး သူ့ကို ကျနော်တို့ ဆုံးရှုံးရတော့မှာပါ”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းက ဘန်လေအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၂၃ မိနစ်မှာ ဒီဘရိုင်းဟာ တံကောက်ကြော ဒဏ်ရာ ခံစားခဲ့ရတာ ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် အခုအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ကိုဗာဆစ်နဲ့ ဒီဘရိုင်းကို လူစားလဲခံရတာပါ။

ဒီဘရိုင်း ဒဏ်ရာရသွားစဉ်

ဘယ်လ်ဂျီယံကစားသမားဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်း ဆုဖလား ၃ လုံးရယူနိုင်အောင် ၁၀ ဂိုးသွင်းပြီး ၃၁ ဂိုးအထိ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒီဘရိုင်းက သူဟာ ပြီးခဲ့တဲ့ရာသီရဲ့ နောက်ဆုံး ၂ လအတွင်းမှာ တံကောက်ကြော ဒဏ်ရာတွေနဲ့ အသင်းအတွက် ကစားပေးခဲ့တာလို့ အခုလ အစောပိုင်းက ပြောခဲ့ပါသေးတယ်။ 

အသက် ၃၂ နှစ်အရွယ်ရှိ ကစားသမားဟာ အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ နာရီဝက်ကြာ ပါဝင်ကစားနိုင်ခဲ့တာကြောင့် နည်းပြ ဂွာဒီယိုလာက ဘန်လေအသင်းနဲ့ပွဲမှာ ပွဲထွက်လူစာရင်း အသုံးပြုခဲ့ပေမယ့် ဒဏ်ရာပြန်ပြီး ရရှိသွားခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဒီဘရိုင်း ဒဏ်ရာရရှိသွားခဲ့ပေမယ့် ဘန်လေအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဟာလန်း က ၂ ဂိုးနဲ့ ရိုဒရီက ၁ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဘောလုံးရာသီက စံချိန်တင် ဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့ ဟာလန်းဟာ ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဖွင့် ဂိုးသွင်းယူသူအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Source: BBC