CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၂

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းက ချားလော့အသင်းကို အနိုင်ရခဲ့တဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူပြီးနောက် မေဂျာလိဂ် ကလပ်အတွက် ၅ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်း ကောင်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

သြဂုတ် ၁၂ ရက် မနက်ပိုင်းက ကစားခဲ့တဲ့ ဒီပွဲမှာ အင်တာမိုင်ယာမီအသင်းက ချားလော့အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ 

အင်တာမိုင်ယာမီ အသင်းအတွက် ဂိုးတွေကို မာတီးနက်ဇ်၊ တေလာ၊ မက်ဆီနဲ့ ချားလော့ကစားသမား မာလန်ဒါက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းအတွက် ၅ ပွဲ ပါဝင်ကစားပြီးချိန်မှာ ၅ ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့သလို အသင်း ကလည်း ၅ ပွဲဆက်တိုက် အနိုင်ရရှိကာ လိဂ်ဖလား ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တာပါ။


မက်ဆီကို တွေ့ရစဉ်

အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းအတွက် ၅ ပွဲ ကစားအပြီးမှာ ၈ ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့တာကြောင့် အသင်းရဲ့ ဂိုးသွင်းအများဆုံး ထိပ်ဆုံး ၃ ဦးစာရင်းထဲကို ရောက်ရှိလာခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ မက်ဆီ အပါအဝင် ဘတ်စ်ကွက်စ်၊ အယ်လ်ဘာတို့ မရောက်ခင်က ရလဒ်တွေဆိုးပြီး နိုင်ပွဲပျောက်ဆုံးခဲ့ပေမယ့် အခုအချိန်မှာတော့ လုံးဝပြောင်းလဲသွားခဲ့ပြီလို့ ပြိုင်ဘက် ချားလော့အသင်းနည်းပြက ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ချားလော့နည်းပြ လက်တန်ဇီယိုက “ခင်ဗျားတို့မှာ မက်ဆီရှိတယ်ဆိုရင် သူ့အတွက် အခွင့်အရေးပဲ လိုတယ်ဆိုတာ ခင်ဗျားတို့ သိပါတယ်။ သူ့အတွက် တစ်စက္ကန့်လောက် အခွင့်အရေးပဲလိုပြီး ဒါကိုသူက ဂိုးအဖြစ် ပြောင်းလဲနိုင်ပါ တယ်။ သူ့ရဲ့ မှော်ပညာတွေကို တားဆီးဖို့ဆိုရင် ခင်ဗျားတို့အနေနဲ့ အလွန်ကောင်းမွန်နေမှ ရမှာပါ။ အင်တာမိုင်ယာ မီ အသင်းဟာ အလွန်ပြောင်းလဲသွားပါပြီ”လို့ ပြောခဲ့တာပါ။

အင်တာမိုင်ယာမီ အသင်းဟာ လိဂ်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဖြစ် မေဂျာလိဂ်ကလပ် ဖီလာဒဲလ်ဖီးယားအသင်းနဲ့ သြဂုတ် ၁၅ ရက်မှာ ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

Source: Foxsports