CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁

ယူနိုက်တက်အသင်းဟာ သြဂုတ် ၁၄ ရက်မှာကစားမယ့် ဝုလ်ဗ်စ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် မတိုင်ခင် တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ မုဒိမ်းမှု အပါအဝင် စွဲချက်တွေကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ကတည်းက ယူနိုက်တက်အသင်း အတွက် ပါဝင်ကစားခွင့် မရခဲ့ပါဘူး။ 

ဒါပေမယ့် ဖေဖော်ဝါရီ ၂ ရက်မှာတော့ သူ့အပေါ် စွဲချက်တင်ထားတဲ့ အမှုတွေအားလုံးကို ရုပ်သိမ်းခဲ့ပေမယ့် ယူနိုက်တက်အသင်းဟာ အသင်းအတွင်းပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတွက် ဂရင်းဝုဒ်ကို အသင်းထံ ပြန်လာခွင့် မပေးခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ ဘောလုံးပြန်ကစားခွင့် ရချင်နေတာကြောင့် တစ်ဦးထဲ လေ့ကျင့်မှုတွေ ပြုလုပ်ပြီး ကြံ့ခိုင်မှုကောင်းမွန်အောင် လုပ်ဆောင်နေတာပါ။ 

ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စီးရီးအေကလပ် အသင်းတွေအပြင် အသင်းတချို့က ချိတ်ဆက်မှုတွေ ရှိနေပေမယ့် ယူနိုက်တက်အသင်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ နည်းပြ အဲရစ်တန်ဟတ်က ဂရင်းဝုဒ်ကို အခွင့်အရေး ပေးချင်နေတာကြောင့် အပြီးသတ် ရောင်းချတာထက် အငှားနဲ့ ထွက်ခွာခွင့်သာ ပေးချင်နေတာပါ။

ဂရင်းဝုဒ်ကို တွေ့ရစဉ် 

ဒါပေမယ့် ဂရင်းဝုဒ်ရဲ့ အနာဂတ်ကို အသင်းမှာရှိတဲ့ တာဝန်ရှိသူတွေကသာ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ နည်းပြ က အမေရိကန် ရာသီကြိုခရီးစဉ်မှာ ပြောခဲ့ပါတယ်။ 

အခုအချိန်မှာ ဂရင်းဝုဒ်နဲ့ ပတ်သက်တဲ့ အသင်းရဲ့ လုပ်ငန်းစဉ်တွေဟာ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် ဝုလ်ဗ်စ် အသင်းနဲ့ ပွဲမတိုင်ခင်မှာ ယူနိုက်တက်အသင်းဘက်က ကြေညာချက် ထုတ်ပြန်သွားဖို့ ရှိနေတာပါ။

ယူနိုက်တက်အသင်းကို အသက် ၆ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့တဲ့ ဂရင်းဝုဒ်ဟာ အသင်းအတွက် ပွဲပေါင်း ၁၂၉ ပွဲ ပါဝင်ကစားထားပြီး ၃၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

အသက် ၂၁ နှစ်အရွယ်ရှိ ဂရင်းဝုဒ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

Source: BBC