CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ အနာဂတ်မှာဘောလွန်းဒီအောဆုကို ပိုင်ဆိုင်မယ့် ကစားသမား တွေစာရင်းကို ပြောခဲ့တာမှာ ရီးရယ်လ်အသင်းကြယ်ပွင့် ဘယ်လင်ဂမ်ကို ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီက “လာမယ့်နှစ် အနည်းငယ်အတွင်းမှာ ဘောလွန်းဒီအောဆုအတွက် ဟာလန်း၊ ဘတ်ပီ၊ ဗီနီစီးယက်စ် တို့နဲ့အတူ လူငယ်အများအပြား ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အလွန်လှပတဲ့ ပြိုင်ဆိုင်မှုတွေရှိနိုင်ပါတယ်။ ဘာစီလိုနာ အတွက် ထင်ရှားတဲ့ အခန်းကဏ္ဍမှာပါဝင်ပြီး ခြေစွမ်းပြနေတဲ့ ယာမဲလ်လည်း ပါဝင်နိုင်မယ်လို့ ထင်ပါတယ်။ အခြားသူတွေလည်း ပြိုင်ဆိုင်မှုထဲမှာ ပါဝင်နိုင်ပြီး ကျနော်တို့မသိတဲ့ ကစားသမားတွေလည်း ပါဝင်လာနိုင်တယ်” လို့ L'Equipe ကို ပြောခဲ့တာပါ။

အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး တစ်ဦးချင်းဆုဖြစ်တဲ့ ဘောလွန်းဒီအောဆုကို စံချိန်တင် ၈ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။ 

မက်ဆီကတော့ ပြီးခဲ့တဲ့နှစ် ဆုပေးပွဲမှာ သူအသာရခဲ့တဲ့ ဟာလန်း၊ ဘတ်ပီတို့ဟာ လာမယ့်နှစ် အနည်းငယ်အတွင်း ဘောလွန်းဒီအောဆု ပိုင်ဆိုင်မယ့်သူလို့ ယုံကြည်မှုရှိနေတာပါ။

ဟာလန်း ၊ ဘတ်ပီ၊ ဘယ်လင်ဂမ်တို့ကို တွေ့ရစဉ်

ဒါပေမယ့် မက်ဆီဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ဘယ်လင်ဂမ်ကိုတော့ အနာဂတ် ဘောလွန်းဒီအောဆုရမယ့် စာရင်းထဲ ဖော်ပြခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ဒေါ့မွန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၃၂ ပွဲ ပါဝင်ကစားထားတာမှာ ဂိုး ၂၀ သွင်းပြီး ၁၀ ဂိုးဖန်တီးထားတာပါ။ 

အသက် ၂၀ နှစ်အရွယ်ရှိ ဘယ်လင်ဂမ်ဟာ ၂၀၂၃ ခုနှစ်ထဲမှာ Golden Boy နဲ့ Kopa Trophy ဆုတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းကို လာလီဂါ ထိပ်ဆုံးနေရာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ကို ရောက်ရှိအောင် ပို့ဆောင်ပေးထားတာပါ။

ဘယ်လင်ဂမ်အနေနဲ့ ဒီရာသီမှာ ပြသနေတဲ့ ခြေစွမ်းတွေကို ဆက်ထိန်းပြီး လာမယ့်ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန် အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ရင် ၂၀၂၄ ခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ရယူနိုင်မယ့် သူအဖြစ် ဘွတ်ကီတွေက ဖော်ပြထားတာ ဖြစ်ပါတယ်။

Source: Dailymail