CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁

ရီးရယ်လ်အသင်းဟာ ဘီလ်ဘာအိုအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် စပိန်လာလီဂါ အမှတ်ပေးဇယားကို ၈ မှတ်ဖြတ်ပြီး ဦးဆောင်ထားတာ ဖြစ်ပါတယ်။

ဒီပွဲမှာ ရီးရယ်လ်အသင်းအတွက် ၂ ဂိုးစလုံးကို တိုက်စစ်မှူး ရိုဒရီဂိုက သွင်းယူခဲ့တာပါ။ 

ရီးရယ်လ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒီရာသီ လာလီဂါပွဲစဉ် ၃၀ ကစားအပြီးမှာ ၇၅ မှတ်နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေပြီး အဆင့် ၂ နေရာက ဘာစီလိုနာအသင်းကို ၈ မှတ်၊ အဆင့် ၃ နေရာက ဂျီရိုနာအသင်းကို ၁၀ မှတ် ဖြတ်ပြီး ဦးဆောင်ထားတာ ဖြစ်ပါတယ်။ 

ရိုဒရီဂိုကတော့ သူ့ရဲ့ သွင်းဂိုးတွေနဲ့ ရီးရယ်လ်အသင်း နိုင်ပွဲရခဲ့တာကြောင့် ပျော်ရွှင်တယ်လို့ ပြောခဲ့တာပါ။

ရီးရယ်လ်အသင်းကို တွေ့ရစဉ်

ရိုဒရီဂိုက “ဒါက အထူးနေ့တစ်နေ့ပါပဲ။ ပထမသွင်းယူခဲ့တဲ့ဂိုးလိုပဲ အတွင်းထဲဝင်ပြီး ကန်သွင်းရတာကို ကျနော် နှစ်သက်ပါတယ်။ ဒီလိုဂိုးတွေကို ကျနော်အများကြီး သွင်းယူချင်ပါတယ်။ အခုက လာလီဂါရဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိလာပြီဖြစ်လို့ ကျနော်တို့ အမှတ်တွေယူရမှာဖြစ်ပြီး ဆုဖလားရဖို့လည်း နီးစပ်လာပြီ”လို့ ပြောခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ ရိုဒရီဂိုဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၄၂ ပွဲ ပါဝင်ကစားထားပြီး ၁၅ ဂိုး သွင်းယူကာ ၈ ဂိုး ဖန်တီးမှု ပြုလုပ်ထားတာပါ။ 

ဒဏ်ရာကြောင့် သြဂုတ် ၁၂ ရက် ကတည်းက အနားယူခဲ့ရတဲ့ ဘရာဇီးလ်နောက်ခံလူ မီလီတာအိုဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၉၂ မိနစ်မှာ လူစားလဲဝင်ရောက်လာပြီး ရက်ပေါင်း ၂၃၂ ရက်အကြာမှ ရီးရယ်လ်အသင်းအတွက် ပထဆုံး ပွဲစဉ်အဖြစ် ပါဝင်ကစားသွားခဲ့တာ ဖြစ်ပါတယ်။ 

ရီးရယ်လ်အသင်းဟာ လာမယ့် ရက်သတ္တပတ်ထဲမှာ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ကစားဖို့မရှိဘဲ လာမယ့်ပွဲစဉ်အဖြစ် ဧပြီ ၁၀ ရက်မှာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ယှဉ်ပြိုင်ရမှာပါ။

ရီးရယ်လ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဘီလ်ဘာအိုအသင်းဟာ ဒီအပတ်ထဲမှာ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲစဉ် အဖြစ် မာယော့ကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN