CNI International Article

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂

အာဏာရှင်အစိုးရဟူ၍ တံဆိပ်မကပ်ဘဲ ပြောရမည်ဆိုပါက ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ဦးဆောင်သည့် ထိုင်းအစိုးရအဖွဲ့သစ်၏ သံတမန်ရေးရာ ရပ်တည်ချက်သည် ပိုမိုအားမာန်ပြည့်ဝပြီး ရှိရင်းစွဲ တိုးတက်မှုများနှင့် အောင်မြင်မှုများအပေါ်တွင် အခြေခံတည်ဆောက်ထားခြင်း ဖြစ်သည်။

အစိုးရအဖွဲ့၏ မူဝါဒများကို တရားဝင်ကြေညာချက် မထုတ်ပြန်ရသေးသည့်တိုင် ဖြူးထိုင်းပါတီ ဦးဆောင်သည့် နိုင်ငံခြားရေးမူဝါဒ အစီအစဉ်များ၏ အဓိက အချက်များထဲမှ အချို့ကိုသိရှိရန် မခက်ခဲလှပေ။

အစိုးရအဖွဲ့သစ်၏ ဦးစားပေးလုပ်ဆောင်မည့် အဓိကအချက် ၄ ချက်ရှိသည်။

၀န်ကြီးချုပ် ပရာယွတ်ကို တွေ့ရစဉ်

ထိုအချက် ၄ ချက်မှာ အင်အားကြီး နိုင်ငံများနှင့်အတူ မဟာဗျူဟာမြောက် လုပ်ပိုင်ခွင့်ကို ထိန်းသိမ်းခြင်း၊ အာဆီယံကို ရှုထောင့်ပေါင်းစုံမှ လုပ်ပိုင်ခွင့်ပေးခြင်း၊ ဘက်ပေါင်းစုံပါဝင်သည့် နိုင်ငံရေးနှင့် စီးပွားရေး ဆွေးနွေးညှိနှိုင်းမှုများကို ထောက်ခံအားပေးခြင်းနှင့် စည်းမျဉ်းအခြေပြု ဒေသတွင်း အခင်းအကျင်းကို စိတ်ချသေချာစေခြင်းတို့ ဖြစ်သည်။

ထိုအချက် ၄ ချက်သည် ထိုင်းနိုင်ငံအတွက် ပထဝီစီးပွားရေး၊ ပထဝီမဟာဗျူဟာနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ အရေးကြီးသည့် အခြေအနေများတွင် ညင်သာသည့် အပြောင်းအလဲများနှင့် လျင်မြန်သည့် အပြောင်းအလဲများကို တုံ့ပြန်ဖြေရှင်းနိုင်စွမ်း ရှိစေမည်ဖြစ်သည်။

ဖြူးထိုင်းပါတီမှ တာဝန်ရှိသူတစ်ဦးကမူ အစိုးရအဖွဲ့သစ်သည် နှစ်မျိုးစပ် သံတမန်ပရိယာယ်ကို ကျင့်သုံးသွားမည် ဟု ဆိုသည်။ 

ဆရီသာ၏ အစိုးရသည် အာဏာရှင်-ဒီမိုကရေစီ သဘောထားကွဲလွဲမှု အခြေအနေအတွင်းသို့ ကိုယ်ပိုင် အယူအဆ တစ်ခုနှင့်အတူ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ 

ထိုင်းအလံကို တွေ့ရစဉ်

ထို့ကြောင့် အစိုးရသစ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်စုနီးပါးက ပြောင်းလဲဖြစ်ပေါ်ခဲ့သည့် မူဝါဒများကို ပိုမို မြှင့်တင်ပြီး အာဏာတည်ဆောက်ခွင့် ရမည်ဖြစ်သည်။

မကြာမီ ထွက်ခွာတော့မည့် ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) ၏ အစိုးရသည် ဘက်ပေါင်းစုံပါဝင်သည့် ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် နိုင်ငံ့ပုံရိပ်နှင့် စီးပွားရေးလုံခြုံမှုကို မြှင့်တင်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်ကို ဝန်ခံရမည်ဖြစ်သည်။

သို့သော် ပရာယွတ် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများသည် မျှော်မှန်းထားသလောက် အောင်မြင်ခြင်း မရှိခဲ့ပေ။ အာဏာရှင်ဆန်သည့် အငွေ့အသက်များကြောင့် ပရာယွတ် အစိုးရအဖွဲ့၏ လုပ်ဆောင်မှုများအပေါ် အကောင်း မြင်မှုကို လျော့ကျစေခဲ့သည်။

ဆရီသာ၏ အစိုးရအဖွဲ့သစ်သည် အင်အားကြီးနိုင်ငံများ၊ အထူးသဖြင့် အမေရိကန်၊ တရုတ်၊ အာဆီယံ၊ ဥရောပ သမဂ္ဂ၊ အိန္ဒိယတို့နှင့် ထိတွေ့ဆက်ဆံမှုများကို ပရာယွတ် အစိုးရ၏ချဉ်းကပ်ပုံအတိုင်း ဆက်လက် လုပ်ဆောင် ဖွယ်ရှိသည်။

ထို့ပြင် ထိုင်းသို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ပြန်လည် ရောက်ရှိလာသည့် အခြေအနေကြောင့် သက်ဆင်သည် ဖြူးထိုင်းပါတီကို နောက်ကွယ်မှ ကြိုးကိုင်ဖွယ် ရှိနေသည်ဟုလည်း ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။

ယေဘုယျအားဖြင့် ထိုင်းသည် အမေရိကန်-တရုတ် အားပြိုင်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဆန္ဒရှိနေသည်။

ဆရီသာ၏ အစိုးရသစ်သည် အနောက်နိုင်ငံများနှင့် ခိုင်မာသည့် ဆက်ဆံရေးကို ထူထောင်ဖွယ်ရှိသည်။ ပရာယွတ် ၏ အစိုးရကမူ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို လျစ်လျူရှုခဲ့သည်။ 

 ထိုင်းပြည်သူနဲ့ လုံခြုံရေးတပ်ဖွဲ့ ထိပ်တိုက်တွေ့စဉ်

ထိုအချိန်အတောအတွင်း အမေရိကန်ကလည်း ယူကရိန်း-ရုရှား စစ်ပွဲ သို့မဟုတ် တောင်တရုတ်ပင်လယ် ပြဿနာ နှင့် အခြားအရေးကိစ္စများ အပါအဝင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း ပြဿနာများတွင် ထိုင်း၏ ကြိုးပမ်းအား ထုတ်မှုများကို လက်ခံကြိုဆိုဖွယ် ရှိနေသည်။ 

မြန်မာနိုင်ငံအရေးသည်လည်း ဆရီသာ အစိုးရအဖွဲ့အတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်လာဖွယ် ရှိသည်။ ထိုင်း၏ အိမ်နီးချင်းဖြစ်သည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကိုဗစ်ကပ်ရောဂါအလွန် စီးပွားရေးနာလန်ထူမှုများအတွက် အလွန်အရေးကြီးသည်။

ထို့ပြင် ထိုင်းအစိုးရအဖွဲ့သစ်သည် မဲခေါင်မြစ်ဝှမ်းဒေသတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် မူဘောင်များ ချမှတ်ရေးဆွဲရန် လိုအပ်လိမ့်မည်ဖြစ်သည်။ 

လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံသည် ပြည်တွင်း/ပြည်ပမှ ဝေဖန်မှုများကို ရင်ဆိုင် နေရသော်လည်း ထိုင်းအစိုးရအဖွဲ့သစ်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ တော်၌ ကျင်းပမည့် တတိယအကြိမ်မြောက် ဒီမိုကရေစီညီလာခံကို တက်ရောက်ရန် ဖိတ်ကြားခံရဖွယ်ရှိသည်။

ပရာယွတ် အစိုးရအဖွဲ့သည် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်က ပြုလုပ်ခဲ့သည့် ဒီမိုကရေစီညီလာခံတွင် ဖိတ်ကြားခြင်း မခံရသဖြင့် ဆရီသာ၏ အစိုးရအဖွဲ့သည် တောင်ကိုရီးယားတွင် ပြုလုပ်မည့် အဆိုပါ ညီလာခံကို တက်ရောက် မည် မတက်ရောက်မည်ကို ချင့်ချိန်တွေးဆရမည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လကမူ ထိုင်းအစိုးရသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ၂၀၂၅ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ နေရာတစ်နေရာ ရရှိရေးအတွက် လျှောက်ထားရန် ဆုံးဖြတ်ခဲ့သည်။

ထိုင်းတွင် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ငါးလအကြာတွင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကောင်စီတွင် နေရာတစ်နေရာ ရရှိရန် ကြိုးပမ်းမှုသည် အောင်မြင်ခဲ့ခြင်းမရှိပေ။

ထို့ကြောင့် ဖြူးထိုင်းပါတီ ဦးဆောင်သည့် ထိုင်းအစိုးရအဖွဲ့သစ်၏ သံတမန်ပရိယာယ်ကို မျှော်တွေးရမည်ဆိုပါက ဒီမိုကရေစီစံနှုန်းများနှင့်အတူ နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရေး၊ ပြည်သူများ လုံခြုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးများအတွက် နိုင်ငံပေါင်းစုံနှင့် ထိတွေ့ဆက်ဆံမှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ဖွယ်ရှိနေသည်ကို  မျှော်လင့်ရမည်ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်