CNI International News

ဘန်ကောက်၊ သြဂုတ် ၁၀

ထိုင်းတွင် အစိုးရဖွဲ့ရန်ကြိုးပမ်းနေသည့် ဖြူးထိုင်းပါတီသည် သြဂုတ် ၉ ရက်နေ့က အခြားပါတီခြောက်ခုနှင့် ညွန့်ပေါင်းအသစ် ဖွဲ့စည်းခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ဖြူးထိုင်းပါတီသည် ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့မည့်အရေးမှ ရှောင်လွှဲရန် ညွန့်ပေါင်းမဟာမိတ်များနှင့် ဆွေးနွေးမှုကို လွှတ်တော်တွင် ပြုလုပ်ခဲ့သည်။

ဖြူးထိုင်းပါတီက ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ထဲတွင် ပါဝင်သည့် ပါတီများမှာ Prachachat ၊ Seri Ruam Thai ၊ Pheu Thai Ruam Palang ၊ Palang Sangkhom Mai ၊ The Party of Thai Counties နှင့် Chart Pattana Kla ပါတီတို့ ဖြစ်သည်။ 

အဆိုပါ ပါတီများအနက် Prachachat ၊ Seri Ruam Thai ၊ Pheu Thai Ruam Palang နှင့် Palang Sangkhom Mai ပါတီတို့သည် ယခင် Move Forward ပါတီက ဖွဲ့စည်းခဲ့သည့် (၈) ပါတီ ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်ခဲ့သည့် ပါတီများ ဖြစ်သည်။

Move Forward ပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ကို တွေ့ရစဉ်

ယခင် (၈) ပါတီ ညွန့်ပေါင်းအဖွဲ့သည် နေရာ ၅၀၀ ရှိသည့် အောက်လွှတ်တော်တွင် ၂၂၈ နေရာကိုသာ ရရှိခဲ့သော် လည်း ဖြူးထိုင်းပါတီခေါင်းဆောင် ချိုနန် သီရိကော (Cholnan Srikaew)က ယခုဖွဲ့စည်းသည့် ညွန့်ပေါင်းအသစ် သည် နေရာ ၂၅၁ နေရာအတွက် ထောက်ခံမှုကို ရရှိခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ထို့ပြင် ဖြူးထိုင်းပါတီက ညွန့်ပေါင်းအဖွဲ့သစ်တွင် ပါဝင်လာမည့် နောက်ထပ်ပါတီများကို မကြာမီအချိန်အတွင်း ကြေညာသွားမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲတွင် နေရာ ၁၀ နေရာ ရရှိခဲ့သည့် Chart Thai Pattana ပါတီနှင့် ယနေ့(သြဂုတ် ၁၀ ရက်)တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့၏ အဓိကရည်မှန်းချက်မှာ ထိုင်းနိုင်ငံကို လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေး အကျပ်အတည်းအတွင်းမှ ဆွဲထုတ်ရန်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စီးပွားရေးနှင့် လူ့အဖွဲ့ အစည်း အတွင်း နိုင်ငံရေး သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန်ဖြစ်သည်ဟု ချိုနန်က ပြောကြားခဲ့သည်။

ထိုအချက် သုံးချက်နှင့်ပတ်သက်သည့် အကျပ်အတည်းကို အဆုံးသတ်စေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို မူကြမ်းရေးဆွဲသွားမည်ဟုလည်း ဖြူးထိုင်းပါတီက ကတိပြုခဲ့သည်။

ဖြူးထိုင်းပါတီ၏ လက်ထောက်ခေါင်းဆောင် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) ကလည်း အစိုးရအဖွဲ့သစ်ကို မမျှော်မှန်းနိုင်သည့် အခြေအနေမျိုးတွင် ဖွဲ့စည်းသွားမည်ဟု ပြောကြားခဲ့သည်။ 

Source: The Nation