CNI International News
ကရင်မလင်၊ သြဂုတ် ၁၀
ရုရှားသည် ၂၀၂၂ ခုနှစ်၊ မတ်လအစောပိုင်းက ယူကရိန်းထံမှ သိမ်းပိုက်ခဲ့သည့် ဇာပိုရီရှား နျူကလီးယားစက်ရုံ တည်ရှိသည့် ဇာပိုရီရှား (Zaporizhzhia) မြို့တွင် ချေချင်းညာတပ်ဖွဲ့ကို ဖြန့်ကြက်ချထားခဲ့သည်ဟု အယ်လ်ဂျာဇီး ယားမှ ဖော်ပြခဲ့သည်။
ဇာပိုရီရှားမြို့ရှိ ဇာပိုရီရှားနျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ရှိသည့် အန်နာဟိုဒါ (Enerhodar) မြို့နယ်တွင် ချေချင်းညာတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည်ကို မြင်တွေ့ခဲ့ရသည်ဟု ထိုမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသူ များက ပြောသည်။
ချေချင်းညာတပ်ဖွဲ့များသည် ဒွန်းနက်စ် (Donetsk) နှင့် လူဟန့်စ် (Luhansk) ဒေသတို့မှ ရုရှားလိုလားသည့် ခွဲထွက်ရေး လက်နက်ကိုင်များနှင့် မတူဘဲ စစ်ယူနီဖောင်းများကို သပ်သပ်ရပ်ရပ် ဝတ်ဆင်လေ့ရှိပြီး လက်နက် အကောင်းများကို ကိုင်ဆောင်ထားကြသည်ဟု အမည်မဖော်လိုသည့် မြို့ခံများက ပြောကြားခဲ့သည်။
ချေချင်းညာခေါင်းဆောင် ရမ်ဇမ် ကာဒီရော့ဗ် (Ramzan Kadyrov) သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) ၏ လက်ရုံးတစ်ဦးဖြစ်သည်။
အဆိုပါ ကာဒီရော့ဗ်သည် တစ်ခါတစ်ရံတွင် ရုရှား အရာရှိများကိုပင် ကြိမ်းမောင်းလေ့ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ရမ်ဇမ်နဲ့ ချေချင်းညာတပ်ဖွဲ့ကိုတွေ့ရစဉ်
ထို့ပြင် ချေချင်းညာတပ်ဖွဲ့များသည် အန်နာဟိုဒါမြို့တွင် ရုရှားစစ်သားများနှင့်လည်း အရောတဝင်မနေဘဲ သီးသန့် လှုပ်ရှားကြသူများဖြစ်သည်ဟု ထိုမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် အင်ဂျင်နီယာတစ်ဦးက ပြောသည်။
အန်နာဟိုဒါမြို့၏ လမ်းများပေါ်တွင် ကင်းလှည့်နေသည့် ချေချင်းညာတပ်ဖွဲ့ဝင်များကို မြင်တွေ့ရမည်ဖြစ်ပြီး မြို့ခံများ၏ မှတ်ပုံတင်များကို စစ်ဆေးခြင်း၊ နေအိမ်များအတွင်းသို့ ဝင်ရောက်ရှာဖွေခြင်းတို့ ပြုလုပ်လေ့ရှိသည်ဟု လုံခြုံရေးအန္တရာယ်ကြောင့် အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။
"ချေချင်းညာ တပ်ဖွဲ့တွေဟာ မြို့ခံတွေရဲ့ ပတ်စ်ပို့တွေကို စစ်ဆေးပြီး မေးမြန်းတာတွေ ပြုလုပ်လေ့ရှိပါတယ်။ တကယ်လို့ ပတ်စ်ပို့ဟာ ရုရှားပတ်စ်ပို့ဆိုရင် ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် ယူကရိန်းပတ်စ်ပို့သာ ဆိုရင် တော့ အရစ်ခံရတာ၊ ပြဿနာရှာခံရတာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်"ဟု အဆိုပါ မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ချေချင်းညာတပ်ဖွဲ့များသည် နေအိမ်များအတွင်းသို့လည်း ဝင်ရောက် ရှာဖွေလေ့ရှိပြီး အိမ်ရှင်များကို ယူကရိန်းစစ်တပ်နှင့် အဆက်အသွယ် ရှိ၊မရှိ မေးမြန်းလေ့ရှိသည်။
"လူတွေမနေတဲ့ အိမ်တွေဆိုရင်လည်း သူတို့သဘောနဲ့သူတို့ ချိတ်ပိတ်ပစ်ပါတယ်။ ဒေသခံတွေက သူတို့ကို ကြောက်နေရပါတယ်"ဟု အန်နာဟိုဒါမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် ယူကရိန်းတက်ကြွ လှုပ်ရှားသူ တစ်ဦးက ပြောသည်။
Source: အယ်လ်ဂျာဇီးယား