CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉

ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ ရောက်ရှိလာပြီးကတည်းက ရိုးမားအသင်းအတွက် ခြေစွမ်းပြသွင်းဂိုးတွေ သွင်းယူနေတဲ့ တိုက်စစ်မှူး လူကာကူက ဝေဖန်သူတွေကို စကားပြောနေမှာမဟုတ်ဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

လူကာကူက “ကျနော်က ပရော်ဖက်ရှင်နယ်တစ်ဦးပါ။ နွေရာသီမှာ ကျနော်အလုပ်ကို ပြင်းပြင်းထန်ထန် လုပ်ခဲ့ပါတယ်။ လူအများအပြားက ကျနော့်အခြေအနေအကြောင်းကို ပြောနေကြပေမယ့် ကျနော် စကားပြော နေမှာမဟုတ်ပါဘူး။ ကျနော့်ရဲ့ ကွင်းထဲက စွမ်းဆောင်ရည်တွေနဲ့ပဲ ပြသနေပါတယ်”လို့ ပြောခဲ့တာပါ။

ရိုးမားအသင်းက ကာဂလီယာရီအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ လူကာကူဟာ အသင်း အတွက် ၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။ အသက် ၃၀ နှစ်အရွယ်ရှိ လူကာကူဟာ ရိုးမားအသင်းအတွက် စီးရီးအေပွဲစဉ် ၆ ပွဲကစားအပြီးမှာ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ပြိုင်ပွဲစုံ ၈ ပွဲကစားအပြီးမှာ ၇ ဂိုးအထိ သွင်းယူထားတာပါ။ လူကာကူဟာ အပြောင်းအရွှေ့တွေနဲ့ ပတ်သက်ပြီး မကြာသေးခင်လတွေအတွင်းက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ကာဂလီယာရီအသင်းကို အနိုင်ရခဲ့တာကြောင့် ရိုးမားအသင်းဟာ အခုရာသီ စီးရီးအေပြိုင်ပွဲရဲ့ အဝေးကွင်းပွဲစဉ်မှာ ပထမဆုံးနိုင်ပွဲကို ရရှိခဲ့တာပါ။ ဒီပွဲမတိုင်ခင်က ကာဂလီယာရီအသင်းကို အရေးနိမ့်ခဲ့ရင် နည်းပြ မော်ရင်ဟိုဟာ ရိုးမားအသင်းကနေ ထုတ်ပယ်ခံရမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နိုင်ပွဲကြောင့် ပေါ်တူဂီလူမျိုး နည်းပြ အတွက်လည်း ရာထူးက ထုတ်ပယ်ခံရမယ့် အရေးကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ 

မော်ရင်ဟိုက “ကျနော့်ရဲ့ စာချုပ်က ဇွန်လ ၃၀ ရက်အထိရှိပါသေးတယ်။ ကျနော် ဘာကိုလိုချင်လဲဆိုတာကို သိပြီး ရိုးမားအတွက် အရာအားလုံးကို ပေးချင်ပါတယ်။ ဘာပြဿနာမှမရှိပါဘူး။ ရိုးမားကို အနိုင်ရခဲ့တဲ့အတွက် ကျနော် ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့တာပါ။

ရိုးမားအသင်းဟာ ဒီနိုင်ပွဲကြောင့် စီးရီးအေပြိုင်ပွဲ ၈ ပွဲကစားအပြီးမှာ ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပြီး လာမယ့်ပွဲစဉ်အဖြစ် မွန်ဇာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal