CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃

ယူနိုက်တက်ကစားသမားဟောင်း ပတ်ဂျီဆန်ဟာ ကေလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဂျောင်ဘွန်ဟွန်ဒိုင်း မော်တာအသင်းရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်လက်အောက်မှာ ၇ ရာသီကြာ ကစားခဲ့တဲ့ ပတ်ဂျီဆန်ဟာ ယူနိုက်တက် အသင်းမှာ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့တာပါ။

တောင်ကိုရီးယားကစားသမားဟောင်းဟာ ယူနိုက်တက် အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှု အများ အပြားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ပတ်ဂျီဆန်ဟာ ယူနိုက်တက်အတွက် ပွဲပေါင်း ၂၀၀ ကျော် ပါဝင်ကစား ပြီး ၂၇ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

သူဟာ ယူနိုက်တက်ကနေ ထွက်ခွာပြီးနောက် ကျူပီအာ၊ ပီအက်စ်ဗွီအသင်းတွေမှာ သွားရောက်ကစားခဲ့ကာ ၂၀၁၄ မှာ ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။ပတ်ဂျီဆန်ဟာ မကြာသေးခင်က ကျူပီအာ လူငယ် အသင်းမှာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့သေးတာပါ။အခုအချိန်မှာတော့ ပတ်ဂျီဆန်ဟာ တောင်ကိုရီးယား ကလပ်မှာ ပိုမိုကြီးမားတဲ့ တာဝန်ကိုထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။

ဂျောင်ဘွတ်ဟွန်ဒိုင်းအသင်းရဲ့ နည်းစနစ်ဒါရိုက်တာဖြစ်လာတဲ့ အသက် ၄၁ နှစ်အရွယ်ရှိ ပတ်ဂျီဆန်ဟာ ကလပ်ရဲ့ အပြောင်းအရွှေ့လုပ်ငန်းတွေကို တာဝန်ယူရမှာဖြစ်သလို လူငယ်ကစားသမားတွေရဲ့ တိုးတက်မှုအပိုင်းကိုလည်း ကူညီပေးရမှာပါ။ဒါ့အပြင် ပတ်ဂျီဆန်ဟာ ကလပ်အသင်းမှာ ဥရောပယဉ်ကျေးမှုကိုလည်း ထည့်သွင်းနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ပတ်ဂျီဆန်က “ကျနော့်ရဲ့ တာဝန်တွေက တိုးလာပါတယ်။ကလပ်အသင်းကို အပြောင်းအလဲတွေ လုပ်ချင်ပါ တယ်။ဥရောပယဉ်ကျေးမှုကို ကိုရီးယားဘောလုံးကလပ်အသင်းထဲ ထည့်သွင်းချင်ပါတယ်။ ကစားသမားတွေကို ပိုပြီးတော့ ပရော်ဖက်ရှင်နယ်ဖြစ်အောင်လည်း လုပ်စေချင်တာပါ။ကျနော်က ဥရောပမှာရှိနေတာကြောင့် ဥရောပ မှာ လတ်မှတ်ထိုးခေါ်ယူချင်တဲ့ ကစားသမားရှိရင် လွယ်လွယ်ကူကူ လုပ်လို့ရပါတယ်”လို့ ပြောခဲ့တာပါ။

ဂျောင်ဘွတ်ဟွန်ဒိုင်းမော်တာကလပ်ကလည်း “ဒီ အကူးအပြောင်းမှာ ပတ်ဂျီဆန်ရဲ့ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်ဟာ အလွန်ကျယ်ပြန့်လာပါလိမ့်မယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။

Sourece:DailyMail