CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈

စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းဟာ ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းဖို့ မူအရ သဘောတူညီမှု ရရှိခဲ့တယ်လို့ ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဇွန်လ ၂၇ ရက်နေ့က အင်္ဂလန် အသင်းခေါင်းဆောင်ကို ပေါင်သန်း ၆၀ နဲ့ စပါးအသင်း ထံ စတင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် လန်ဒန်ကလပ်ကတော့ ဒီပမာဏက နည်းပါးတယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။ 

စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ဟာရီကိန်းကို အသင်းမှာ ဆက်ပြီး ထိန်းသိမ်းချင်နေပေမယ့် ကစားသမားက ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါ တယ်။

ဂျာမန်သတင်းစာ Bild က ဟာရီကိန်းရဲ့ ဖခင်နဲ့ အစ်ကိုတို့ဟာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် အခု အချိန်မှာ ကစားသမားနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ မူအရ သဘောတူညီမှု ရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ဒါပေမယ့် အပြောင်းအရွှေ့ သဘောတူညီမှု ရယူနိုင်ဖို့အတွက်ဆိုရင် ဂျာမန်ကလပ်အနေနဲ့ ဟာရီကိန်းအတွက် စပါးအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေးချေဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ 

စပါးအသင်းဘက်ကတော့ ဟာရီကိန်းကို မရောင်းချချင်တာကြောင့် ဘယ်လိုကမ်းလှမ်းမှု မျိုးကိုမဆို ငြင်းပယ် သွားဖို့ ရှိနေပေမယ့် ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်မယ်ဆိုရင်တော့ အပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်ဖွယ် ရှိတယ်ဆိုပြီး သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ 

ဟာရီကိန်းကိုတွေ့ရစဉ်

စပါးအသင်းဟာ အင်္ဂလန် အသင်းခေါင်းဆောင်ကို လက်မလွှတ်ချင်ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းက ပြောင်းရွှေ့ ကြေး ထပ်တိုးပြီး ကမ်းလှမ်းမယ်ဆိုရင် နှစ်သင်းကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။

ဟာရီကိန်းကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားနေပေမယ့် စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းက ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေထံ တိုက်ရိုက် မရောင်းချချင်သလို မန်ချက်စတာကလပ်ကလည်း ပြောင်းရွှေ့ကြေး များပြားတယ်ဆိုပြီး သူတို့ရဲ့ စိတ်ဝင်စားမှုတွေကို အဆုံးသတ်ခဲ့တာပါ။

ဟာရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် ကစားသမား ဘဝမှာ ဆုဖလား မရဖူးသေးတာကြောင့် အသင်းပြောင်းဖို့အတွက် တိုက်တွန်းမှုတွေ ခံနေရာတာ ဖြစ်ပါတယ်။

ဟာရီကိန်းဟာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၄၃၅ ပွဲ ပါဝင်ကစားထားပြီး ၂၈၀ ဂိုးသွင်းယူကာ လန်ဒန်ကလပ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Daily Mail