CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၅

စပါးအသင်း တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာက ဘိုင်ယန်မြူးနစ်အသင်းဟာ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းအတွက် မှန်ကန်တဲ့အသင်းဖြစ်တာကြောင့် အခုအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ တိုက်တွန်း လိုက်ပါတယ်။

ဂယ်ရီလိုင်နီကာက “ဟာရီက စပါးကနေ ထွက်ခွာမယ်လို့ ကျနော်ထင်ပါတယ်။ သူကိုယ်တိုင်ကလည်း ထွက်ခွာ ချင်နေတဲ့အတွက် ဖြစ်အောင်လုပ်မှာပါ။ သူ့အတွက် ဒီအချိန်ဟာ မှန်ကန်တဲ့အချိန်ဖြစ်ပြီး မှန်ကန်တဲ့ ကလပ်က လည်း သူ့အတွက် ရောက်ရှိနေပါပြီ။ မြူးနစ်ဟာ ချစ်စရာကောင်းတဲ့မြို့ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ ကမ္ဘာ့ ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး အသင်းတွေထဲက တစ်သင်းပါ။ ဟာရီဟာ ဂိုးသွင်းရုံတင် မဟုတ်ဘဲ ဂိုးဖန်တီး မှုလည်း လုပ်နိုင်သလို ခေါင်းဆောင်နိုင်တဲ့ အရည်အသွေးလည်း ရှိပါတယ်”လို့ The Sun မှာ ပြောထားတာပါ။

အသက် ၃၀ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် ကစားသမားဘဝမှာ ဆုဖလားအောင်မြင်မှု မရယူနိုင်သေးပါဘူး။ 

လာမယ့်နှစ် နွေရာသီမှာ စပါးအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့ ဘိုင်ယန်မြူးနစ် အသင်းက အခုနွေရာသီတစ်လျှောက် ကမ်းလှမ်းမှုတွေ ပြုလုပ်ပြီး ကြိုးစားနေတာပါ။ 

 ဟာရီကိန်းနဲ့ ဂယ်ရီလိုင်နီကာကို တွေ့ရစဉ်

ဒါပေမယ့် စပါးအသင်း အကြီးအကဲ လီဗိုင်းက ဟာရီကိန်းကို လက်မလွှတ်ချင်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ဖို့ ကြန့်ကြာနေတာ ဖြစ်ပါတယ်။ 

ဂယ်ရီလိုင်နီကာက စပါးအသင်းအနေနဲ့ ဟာရီကိန်းကို အလွတ်နဲ့ ဆုံးရှုံးတာထက် ပေါင်သန်း ၈၀ ဒါမှမဟုတ် ပေါင်သန်း ၁၀၀ ရယူလိုက်တာက ပိုပြီးအဓိပ္ပါယ် ရှိတယ်လို့လည်း ပြောထားပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ဟာရီကိန်းအတွက် ပေါင် ၈၆ သန်းနဲ့ နောက်ဆုံးကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်နေတာပါ။

ဘိုင်ယန်မြူးနစ်အသင်းက သူတို့ရဲ့ နောက်ဆုံး ကမ်းလှမ်းမှုကို စပါးအသင်း လက်မခံရင် ဟာရီကိန်းအတွက် နောက်ထပ် ကမ်းလှမ်းမှုတွေ ပြုလုပ်တော့မှာ မဟုတ်ဘဲ အခြားတိုက်စစ် ကစားသမားတွေကို ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။ 

ဟာရီကိန်းကတော့ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ချင်နေပြီး စပါးအသင်းဘက်က ဒီကမ်းလှမ်းမှုကို လက်မခံရင် စာချုပ်ကုန်ဆုံးတဲ့ အချိန်အထိ အသင်းမှာဆက်နေကာ အလွတ်နဲ့ ထွက်ခွာဖို့ စီစဉ်နေတာပါ။

ဟာရီကိန်းဟာ စပါးအသင်းအတွက် ပွဲပေါင်း ၄၃၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၈၀ ဂိုးသွင်းယူကာ အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Goal