CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၅

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ခဲ့ရပြီးနောက် အာဆင်နယ် အနာဂတ်ကို စဉ်းစားခဲ့တယ်လို့ နည်းပြ အာတီတာက ဝန်ခံခဲ့ပါတယ်။

အာတီတာက “ပထမဆုံး ရက်သတ္တပတ်တွေက အလွန်ခက်ခဲခဲ့ပါတယ်။ ပထမဆုံးလုပ်ခဲ့တာက မှန်ကိုကြည့်ပြီး နားလည်ခဲ့တဲ့အရာက ဒီထက်ပိုကောင်းအောင် လုပ်သင့်သလား ဒါမှမဟုတ် မတူညီအောင် လုပ်သင့်လားဆိုပြီး မေးခွန်း ထုတ်တာပါပဲ။ ပြီးတော့ အသင်းကို ကျနော်လိုချင်တဲ့ ပုံစံအတိုင်း အရှေ့ကိုရောက်အောင် တွန်းပို့ဖို့ မှန်ကန်တဲ့ လူဖြစ်နေတုန်းလား၊ ယုံကြည်ချက် ရှိလားဆိုပြီး ကိုယ့်ကိုယ်ကို မေးခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ် အသင်းမှာ ဆက်ရှိမယ်လို့ အဖြေထွက်ခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့ရတဲ့ ခံစားချက်က အခုထိရှိနေပြီး ဒါတွေက ခက်ခဲတဲ့ အခိုက်အတန့်ပါ”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီအစောပိုင်းက မန်စီးတီးအသင်းကို ရမှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ရယူဖို့အတွက် အခြေအနေ ကောင်းခဲ့ပါတယ်။

အာတီတာကို တွေ့ရစဉ်

ဒါပေမယ့် လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ဆောက်သမ်တန် အသင်းတို့နဲ့ သရေဆက်တိုက်ကျခဲ့ပြီး နောက်ပွဲမှာ မန်စီးတီး အသင်းကို အရေးနိမ့် သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အမှတ်ပေး ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပြီး ဒုတိယ နေရာနဲ့သာ ရာသီ အဆုံးသတ် ခဲ့ရတာပါ။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီပြီးဆုံးဖို့ နီးကပ်ချိန်မှာ အဓိက ကစားသမားတွေ ဒဏ်ရာကြောင့် အနားယူခဲ့ ရတာတွေက ကြီးမားတဲ့ ထိုးနှက်ချက်တွေ ဖြစ်ခဲ့ပါတယ်။ 
အဲ့ဒါကြောင့် အခုအပြောင်းအရွှေ့မှာ ဒီကလန်ရိုက်စ်၊ ဟာဗက်ဇ်နဲ့ တင်ဘာတို့ကို ခေါ်ယူခဲ့ပြီး လိုအပ်တဲ့နေရာတွေ ကို အားဖြည့်ခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ရာသီသစ်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲယှဉ်ပြိုင်ရမှာ ဖြစ်သလို ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့လည်း ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ဟာ သြဂုတ် ၆ ရက် ဝင်ဘာလေကွင်းမှာ ကွန်မြူနတီဒိုင်း ပွဲစဉ်အဖြစ် ယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်။