CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၁

စပါးအသင်း တိုက်စစ်မှူး ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီး ဘွန်ဒစ်လီဂါ ချန်ပီယံအသင်းနဲ့ ၄ နှစ် စာချုပ်ချုပ်ဆိုမယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ လက်ရှိအချိန်မှာ ဆေးစစ်မှုခံယူဖို့နဲ့ အပြောင်းအရွှေ့ အပြီးသတ် နိုင်အောင် ဂျာမနီမြေကို သွားရောက်ဖို့ စပါးအသင်းရဲ့ မီးစိမ်းပြမှုကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဟာရီကိန်းအတွက် ယူရိုသန်း ၁၀၀ ကျော်နဲ့ နောက်ဆုံးအကြိမ် ကမ်းလှမ်းခဲ့တာကို စပါးအသင်းက လက်ခံခဲ့တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ နီးစပ်ခဲ့တာပါ။

အသက် ၃၀ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ ဘရန်ဖို့ဒ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲမတိုင်ခင်မှာ ဒီအခြေအနေကို အမြန်ဆုံး ပြေလည်စေချင်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

 

ဟာရီကိန်းကို တွေ့ရစဉ်

အင်္ဂလန်အသင်း ခေါင်းဆောင်ဟာ စပါးအသင်းနည်းပြသစ် ပိုစတီကိုဂလူး လက်အောက်မှာ ပျော်ရွှင်နေပြီး အသင်းမှာ ဆက်နေချင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ငယ်ဘဝကလပ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

ဟာရီကိန်းနဲ့ စပါးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီး အသင်းဘက်က သူ့ကိုဆက်ထိန်းကာ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေဟာ တိုးတက်မှု မရှိတာကြောင့် စပါးအသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းကို ရောင်းချဖို့အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရတာပါ။
 အဲ့ဒါကြောင့် စပါးအသင်းဟာ ဈေးကွက်ထဲမှာ တိုက်စစ်မှူးသစ်တစ်ဦးကို အမြန်ဆုံး ရှာဖွေရတော့မှာ ဖြစ်ပါတယ်။

ရာသီကြို ခြေစမ်းပွဲတွေမှာ စပါးအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဟာရီကိန်းဟာ လန်ဒန်ကလပ်အတွက် ၄၃၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၈၀ ဂိုးသွင်းယူကာ ကလပ်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: theathletic