CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၀

ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာချင်နေတဲ့ တိုက်စစ်မှူးနေမာကို အခုအပြောင်းအရွှေ့မှာ ပြန်လည်ခေါ်ယူနိုင်ဖို့ ဘာစီလိုနာအသင်း ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ နေမာကို ၂၀၁၇ ခုနှစ်က စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၂၀၀ ပေးပြီး ဘာစီလိုနာ အသင်းကနေ ခေါ်ယူထားတာပါ။ 

ဒီပြောင်းရွှေ့ကြေးဟာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး အပြောင်းအရွှေ့ အဖြစ် အခုအချိန်ထိ ရှိနေတာ ဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအသင်းဟာ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် နေမာကို ငွေကြေး အများအပြား သုံးစွဲပြီး ခေါ်ယူခဲ့ ပေမယ့် ကစားသမားဟာ ပီအက်စ်ဂျီအသင်းမှာ ရှိခဲ့တဲ့ ၆ နှစ်အတွင်း ဒဏ်ရာတွေနဲ့ အချိန်တွေကုန်ခဲ့ပြီး အသင်း လိုချင်နေတဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။ 

နေမာကို တွေ့ရစဉ် 

အခုအချိန်မှာ ပီအက်စ်ဂျီအသင်းဟာ အသင်းကို ကစားသမား အသစ်တွေနဲ့ ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင် နေတာကြောင့် နေမာကို ထွက်ခွာခွင့်ပေးဖို့ ရှိနေပါတယ်။
ကစားသမား ကိုယ်တိုင်ကလည်း ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာချင်တယ်လို့ ပြောထားပါတယ်။ 

အဲ့ဒါကြောင့် အသင်းဟောင်း ဘာစီလိုနာအသင်းက နေမာကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ The Independent က ဖော်ပြခဲ့တာပါ။ 

ဘရာဇီးလ် ကစားသမားဟာ စပိန်မှာ ပိုင်ဆိုင်ထားတဲ့ အရာတွေရှိနေတာကြောင့် ဘာစီလိုနာအသင်းထံ ပြန်လာချင်နေတာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေး အခက်အခဲတွေက ဒီအပြောင်းအရွှေ့ကို တားဆီးနိုင်ဖွယ် ရှိပေမယ့် စပိန်ကလပ် ဟာ တစ်နှစ်အငှားစာချုပ်နဲ့ခေါ်ပြီး စာချုပ်ကုန်ဆုံးချိန်မှာ အပြီးသတ်ဝယ်ယူဖို့ စီစဉ်နေတာပါ။

နေမာဟာ ဆော်ဒီကလပ် အသင်းတွေရဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှုပမာဏကို ရရှိခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်နိုင်တဲ့ ကလပ်အသင်းမှာ ကစားချင်နေတာ ဖြစ်ပါတယ်။

Source: Metro