CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၀

ဂျူဗင်တပ်စ်အသင်း ပရိသတ်တွေဟာ လူငယ်အသင်းနဲ့ ကစားခဲ့တဲ့ လေ့ကျင့်ရေးပွဲမှာ ကွင်းထဲအထိ ဝင်ရောက်ပြီး လူကာကူကို မခေါ်ဖို့ ဆန္ဒပြခဲ့သလို၊ လူကာကူကို မလိုချင်ဘူးလို့လည်း အော်ဟစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ချယ်လ်ဆီးအသင်း တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသင်း တိုက်စစ်မှူး ဗလာဟိုဗစ်နဲ့ အလဲအလှယ် ပြုလုပ်ချင်နေတာပါ။

စီးရီးအေကလပ်ကို အားပေးတဲ့ ပရိသတ်တွေဟာ ဒီလေ့ကျင့်ရေးပွဲမှာ တိုက်စစ်မှူး ဗလာဟိုဗစ်ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး လူကာကူကို ခေါ်ယူမယ့် အစီအစဉ်ကို ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ 

လူကာကူဟာ ပြီးခဲ့တဲ့ရာသီက အငှားသွားရောက် ကစားခဲ့တဲ့ အင်တာမီလန်အသင်းထံ အပြီးသတ် ပြောင်းချင်ပေ မယ့် အီတလီကလပ်ဟာ ဘယ်လ်ဂျီယံ တိုက်စစ်မှူးအတွက် ချယ်လ်ဆီးအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ ကြေးကို ပေးချေနိုင်ခြင်း မရှိပါဘူး။ 

ချယ်လ်ဆီးအသင်းဟာ လူကာကူအတွက် ပေါင်သန်း ၄၀ သတ်မှတ်ထားပေမယ့် အင်တာမီလန်အသင်းက ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒီကမ်းလှမ်းမှုကို ချယ်လ်ဆီးအသင်းက ပယ်ချခဲ့တာပါ။ 

ပုံ - လူကာကူကို မခေါ်ဖို့ ဂျူဗင်တပ်စ်အသင်း ပရိသတ်တွေ ကွင်းထဲ၀င်ဆန္ဒပြနေကြစဉ်

လူကာကူဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ သူ့ကို လူစားဝင် ကစားသမားအဖြစ် အသုံးပြုခဲ့တဲ့ အင်တာမီလန် အသင်းရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်ခဲ့တဲ့အတွက် ပြိုင်ဘက် ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ 

ဂျူဗင်တပ်စ်နဲ့ လူကာကူတို့ဟာ အပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီး ၃ နှစ် စာချုပ် ချုပ်ဖို့တောင် စီစဉ်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဘက်က ဒီလိုအလဲအလှယ်မျိုးကို စိတ်မဝင်စားသလို ဂျူဗင်တပ်စ်အသင်း ပရိသတ် တွေကလည်း လူကာကူအပေါ် ခါးခါးသီးသီး ဖြစ်နေတာကြောင့် ကစားသမားရဲ့ အနာဂတ်ဟာ စိုးရိမ်စရာတွေ ရှိလာတာပါ။ 

လူကာကူဟာ အခုအချိန်ထိ ချယ်လ်ဆီးအသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ပူးပေါင်းခြင်း မရှိသေးသလို အသင်း ဘက်ကလည်း ရာသီသစ်အတွက် ကစားသမားတွေရဲ့ ကျောနံပါတ်စာရင်း ထုတ်ပြန်တာမှာ လူကာကူအတွက် လောလောဆယ် နံပါတ်သတ်မှတ်ပေးခြင်း မရှိတာတွေ့ရပါတယ်။

ချယ်လ်ဆီးအသင်းဟာ လူကာကူကို ရောင်းချဖို့ ဆုံးဖြတ်ထားတာကြောင့် ကစားသမားအနေနဲ့ မကြာခင် ရက်ပိုင်း အတွင်းမှာ အနာဂတ်နဲ့ ပတ်သက်ပြီး အမြန်ဆုံးဖြေရှင်းဖို့ လိုအပ်နေပြီလို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source: Daily Mail